Chapter 1120: ဟန်ဆောင်မှုများ ပျက်ပြယ်ခြင်း
မီအာစကားကိုကြားသောအခါ ယွီမာန် စိတ်ထိခိုက်သွားသည်။ ယခု မီအာ၏ လက်အောက်မှ ဖာနန်ဒက်မိသားစုသိုင်းသမားများသည် ဖိအားများနေသည့်တိုင် ထူးဆန်းစွာ တက်ကြွနေကြသည်။
ရန်သူများနှင့် ဆက်ဆံရာတွင် မီအာ မည်မျှပင် အေးစက် ရက်စက်နေပါစေ ဒါက သူတို့အမြင်တွင် အားနည်းချက်တစ်ခုမဟုတ်ပါ။ ၎င်းသည် ခေါင်းဆောင်တစ်ဦး၏ ရှိသင့်သော အရည်အချင်းတစ်ခုဖြစ်သည်။
အကယ်၍ ထိုခေါင်းဆောင်သည် သူ့လက်အောက်ငယ်သားတွေအပေါ် ဂရုစိုက်ပြီး တလေးတစားဆက်ဆံမည်ဆိုလျှင် အဖွဲ့၀င်တစ်ဦးချင်းစီက သူ့အတွက်အကောင်းဆုံးကြိုးစားပေလိမ့်မည်။ သူတို့က သခင်အတွက် အသက်ကိုပင် ရင်းကြလိမ့်မည်ဖြစ်သည်။
မီအာ၏ စကားများက သူမ၏ သိုင်းသမားများအားလုံးကို ရင်နင့်စေပြီး တိုက်ပွဲအတွက် လှုံ့ဆော်ပေးလိုက်သလိုပင်ဖြစ်နေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖိလစ်၏ အသွင်ကတော့ မည်းမှောင်လို့လာသည်။ သူက စကားမပြောတော့ပဲ ၀ပ်တာကို ခေါင်းညိတ်ပြလိုက်သည်။
၀ပ်တာသည် အသံကျောက်တုံးကို ကိုင်ထားပြီး ပြန့်ကျဲနေသော အက်စကော့မိသားစု၀င်များကို ဆက်သွယ်လိုက်သည်။ မကြာမီပင် အ၀တ်အစားလေတိုးသံများနှင့်အတူ သိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်။
ရှီယန်ကတော့ ဖိလစ်ကို တည်တည်ငြိမ်ငြိမ်ပင် ဖမ်းချုပ်ထားဆဲဖြစ်သည်။ သူက အေးဆေးစွာထိုင်နေရင်း အက်စကော့စစ်သည်တော်များကို စောင့်ကြည့်နေသည်။
“ငါတို့ဘာလုပ်သင့်လဲ”
ကျိုးရှန်က အသံတိုးတိုးဖြင့်မေးလိုက်သည်။မိုဖူ၊ ဝူဖန်း၊ စီစီလျာနှင့် အခြားသူများသည် တစ်ဖက်ထောင့်တွင် ရပ်နေကြသည်။ သူတို့က နတ်ဘုရားကလန်၏ အုပ်စု နှစ်စုနှင့် အတော်အတန်ဝေးကွာသောနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ အခြေအနေအရပ်ရပ်ကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။
“အခုအချိန်မှာ ၀င်မစွက်ဖက်ပါနဲ့။ ငါတို့အားလုံး သူတို့ကို စောင့်ကြည့်ဖို့ပဲလိုတယ်”
မိုဖူက ထူးဆန်းစွာပြုံးလိုက်သည်။
“အခု သူတို့မှာ ငါတို့ကို အရေးလုပ်ဖို့ စွမ်းအင်အပိုမရှိဘူး။ ငါတို့က စပြီး မတိုက်သင့်ဘူး။ ခနလောက်စောင့်ကြည့်သင့်တယ်မထင်ဘူးလား”