Chapter 1063: အခြေအနေ ထိန်းညှိခြင်း
"သူ့ဝေစုကို မင်း လုယူသွားတယ်လို့ သူမ ပြောခဲ့တယ်။ အဲ့ဒါက ဘာလဲ" သွေးတစ္ဆေသည် အံ့အားသင့်သွားသည်။ "မင်း စုပ်ယူလိုက်တဲ့ ဝိဉာဉ်ခွဲသလင်းငါးရဲ့ အနုစားပင့်ကူမျှင်တွေကို ဆိုလိုချင်တာလား"
သွေးတစ္ဆေ၏ စကားကို ကြားသောအခါ ရှီယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဝိဉာဉ်ယဇ်ပလ္လင်ကို စစ်ဆေးရန် လိုအပ်၏။
ဝိဉာဉ်ခွဲသလင်းငါး၏ ထိုဝိဉာဉ်အမျှင်များသည် မည်မျှ ထူးခြားကြောင်း သူ မသိပါ။ လက်စွပ်ဝိဉာဉ်သည် သူ့ကို သေသေချာချာ မရှင်းပြခဲ့ချေ။ ယွီရှန်က သူမ လိုချင်သော အကျိုးအမြတ်သည် ဝိဉာဉ်ခွဲသလင်းငါး၏ ဝိဉာဉ်များဟုတ်မဟုတ်အကြောင်းကို မပြောခဲ့ပါ။
သူ့ဝိဉာဉ်ယဇ်ပလ္လင်ကို စစ်ဆေးကြည့်သောအခါ ပင်မဝိဉာဉ်၌ စုစည်းနေသော အနက်ရောင်အမျှင်တန်းများကို တွေ့လိုက်ရသည်။
သူ့ပင်မဝိဉာဉ်သည် ဖော်ပြလို့မရနိုင်သော ခံစားချက်တစ်မျိုးကို ခံစားနေရသည်။ သူ့ဝိဉာဉ်အစိတ်အပိုင်းတစ်ခုသည် ထိုအနုစားအမျှင်များထံသို့ ပို့ခြင်းခံရပြီး ၎င်းတို့နဲ့ ရောစပ်သွားသည်ကို သူ ခံစားမိသည်။
ရှီယန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အခြေအနေကို ရှင်းလင်းအောင် လုပ်ရန် လက်စွပ်ဝိဉာဉ်ကို ဆက်သွယ်ဖို့ ကြိုးစားလိုက်သည်။
လက်စွပ်ဝိဉာဉ်သည် သူ့ကို ပြန်မဖြေပါ။
၎င်းသည် သူ အန္တရာယ်ကြီးကြီးမားမား ရောက်သည့်အချိန် သို့မဟုတ် သေရေးရှင်ရေးဖြစ်သည့်အခြေအနေနဲ့ လက်စွပ်ဝိဉာဉ်ကို နေမထိထိုင်မသာဖြစ်သွားစေသည့် အချိန်မှသာ ပေါ်ထွက်လာတတ်ပုံပေါ်၏။ ပုံမှန်အားဖြင့် ၎င်းသည် ငြိမ်သက်စွာ နေပြီး ဝိဉာဉ်စွမ်းအားအမျှင်တန်းတစ်ခုလေးကိုပင် မထုတ်လွှတ်တတ်ပါ။
တိတ်တိတ်လေး ကျိန်ဆဲလိုက်ရင်း ရှီယန်သည် သူ့ပင်မဝိဉာဉ်အပေါ် အာရုံစိုက်လိုက်ပြီး စောင့်ကြည့်လိုက်သည်။
အချိန်တိုအတွင်း ပါးလွှာသော အနက်ရောင်အမျှင်စားများသည် စုစည်းကြပြီး အနက်ရောင်ပုတီးစေ့အဖြစ် ပျစ်ခဲ၍ သူ့ပင်မဝိဉာဉ်ပေါ်တွင်ရပ်တန့်နေကြသည်။ ထိုပုတီးစေ့သည် သူ့လက်တစ်ဆစ်စာလောက်သာ ကြီးမားသည်။ သို့သော် ၎င်းတွင် မသိသာသော ဝိဉာဉ်စွမ်းအားအတက်အကျ ရှိနေ၏။ ရှီယန်သည် ၎င်း၏ အသုံးဝင်မှုကို မသိပါ။