Chapter 1039: အင်အားစုဆောင်းခြင်း
ဖုဝေ့နှင့် ရှာစင်းယန်တို့ ချောက်နက်ကြီးအနီး အလျှင်အမြန် တိုးကပ်သွားကြသည်။ သူမတို့ လည်တိုင်လေးများ ဆန့်ကာ ငုံ့ကြည့်လိုက်ကြသည်။
အတန်ကြာသောအခါ ချောက်နက်ထဲမှ စွမ်းအင်ဖြာထွက်မှုများ ရပ်တန့်သွားသည်။ ပုံရိပ်တစ်ခု အထက်သို့ ပျံတက်လာသည်။ သွေးကီများ ပြည့်လျှမ်းကာ အားပြည့်အင်ပြည့် ဖြစ်နေဟန်ရသည်။
သူ၏ အနက်ရောင်သိုင်း၀တ်စုံအောက်မှပင် ဖုထစ်နေသော ကြွက်သားစိုင်များ ရုန်းကြွနေကြသည်။ သူ့မျက်လုံးများက ကမ္ဘာတုန်လောက်သော စွမ်းအင်အပြည့်ဖြင့် စိန်ပွင့်များသဖွယ် လင်းလက်တောက်ပနေသည်။
ရှာစင်းယန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် လှပသောအပြုံးလေးဖြင့်
“နင်အဆင်ပြေသွားပြီလား”ဖုဝေ့ကလည်း သူ့ကိုကြည့်နေသည်။
“အကောင်းဆုံးအနေအထားပဲ” ရှီယန် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
နံပါတ်၉ သက်ရှိကြယ်ပေါ်မှ တိုက်ပွဲသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များကို ယူဆောင်သွားခဲ့ပြီး ကြယ်စင်စုကြီး၏ အနက်ရှိုင်းဆုံးတစ်နေရာမှလာသော ဝိညာဉ်အပိုင်းအစကို အားဖြည့်ပေးခဲ့သည်။ ထိုသူက ကော်ကာနှင့်တကွ အမှောင်ရိပ်ကလန်သားများအားလုံးအပါအ၀င် သိုင်းသမား ထောင်ချီသတ်ဖြတ်ပြီး အခြေအနေကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် သေခြင်းမဲ့မိစ္ဆာမျိုးနွယ်သွေးစက်များအားလုံး ဆုံးရှုံးသွားသော ရှီယန်က အကြီးအကျယ် ထိခိုက်ခဲ့သည်။
တဖန် ကော်ကာ၏ သေဆုံးမှုမှတဆင့် ရှီယန် စွမ်အင်များ ဆထက်ထမ်းပိုး ပြန်လည်ရရှိသည်။
ကနဦးနတ်ဘုရားအဆင့်တစ်ယောက်၏ စွမ်းအင်များက အလွန်အကျူး ကျယ်ပြန့်များပြားသည်။ ရှီယန်သာ လွတ်မြောက်နတ်ဘုရားအဆင့်ကို တက်လှမ်းထားခဲ့ခြင်းမရှိပါလျှင် သွေးကြောကွက်များ ပျက်စီးကာ ခန္ဓာကိုယ်ပြိုကွဲမှုနှင့် ကြုံရပေလိမ့်မည်။
သုံးလကြာ မနားမနေ ကြိုးစားပြီးနောက်မှ ကော်ကာထံမှ ကီအဆီအနှစ်များကို အလေအလွင့်မရှိ စုဆောင်းနိုင်ခဲ့သည်။ သူ၏ ကီသစ်ပင်ကို လွတ်မြောက်နတ်ဘုရား ပထမအဆင့်၏ အဆုံးအစွန်ထိ ဖြည့်တင်းပေးနိုင်ခဲ့ပြီး သေခြင်းမဲ့မိစ္ဆာသွေးစက် တစ်ထောင်နီးပါး သိပ်သည်းနိုင်ခဲ့သည်။ လွန်ခဲ့သော သုံးလကနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်လျှင် သူ့ခွန်အားက ပိုမိုမြင့်မားသော အမှတ်တစ်ခုအထိ ရောက်ရှိသွားပြီဖြစ်သည်။