Chapter 1064: ငြှိုးမှတ်ရန်ကြွေး
ဟင်းလင်းပြင်လမ်းကြောင်း၏ နောက်ဘက် တစ်ခြားအလွှာနောက်၌
အမှောင်ရိပ်ကလန်၏ အကြီးအကဲ ဘီလို နဲ့ ခေါင်းဆောင် ကေဒါ တို့သည် မည်းမှောင်သောမျက်နှာထားနဲ့ ရှိနေကြ၏။ ပိတ်ထားသော အလွှာကို တွေဝေစွာ ကြည့်နေကြ၏။ သူတို့ ငိုကြွေးချင်လောက်အောင်ပင် ရင်နာနေကြသည်။
အမှောင်ရိပ်ကလန်က နှစ်ပေါင်းတစ်ထောင်ကြာ အချိန်ယူကာ ရှင်းလင်းရန်အတွက် ကြီးမားစွာ အားထုတ်ခဲ့ရသော ဟင်းလင်းပြင်လမ်းကြောင်းသည် ဒုတိယအကြိမ် ပိတ်သွား၏။ ထို့အပြင် ဤတစ်ခါပိတ်သွားမှုသည် အရင်တစ်ခါထက် ပိုမိုခိုင်ခံ့မာကြောပြီး သဘာ၀အတိုင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအချက်က ဘီလို နဲ့ ကေဒါတို့အား ကိုယ့်ကိုကိုယ် သတ်သေသွားစေချင်၏။
“အကြီးအကဲ…ဝိဉာဉ်ခွဲသလင်းငါးက သေသွားပြီ၊ ဟင်းလင်းပြင်လမ်းကြောင်းကလည်း နောက်တစ်ခါ ပြန်ပိတ်သွားပြီ။ ကျုပ်ညီလေးလည်း သေသွားခဲ့တယ်။ ဒီအဖြစ်အပျက်ကို သူတို့ဆီ ဘယ်လိုရှင်းပြကြမလဲ” ကေဒါ၏ မျက်နှာသည် ခါးသီးပြီး အေးစက်နေ၏။ တစ်စုံတစ်ယောက်ကို သွားရောက်ဆုတ်ဖြဲပစ်ချင်သည့်ပမာ အံကြိတ်လိုက်သည်။
ဘီလို၏ အဝတ်အစားများသည် စုတ်ပြတ်သပ်နေ၏။ သူ့ပါးစပ်ထောင့်နားမှ သွေးစီးကြောင်းနှစ်ဖက် စီးဆင်းနေသည်။ ထိုသူက ခါးသီးစွာ ပြောလိုက်၏။ “ငါလည်း ဒါကို သူတို့ဆီ ဘယ်လိုရှင်းပြရမလဲဆိုတာ မသိဘူး”
“ဟင်း” ကေဒါသည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် အသံတိုးတိုးနဲ့ ပြောလိုက်၏။ “ကျုပ် ဒါကို လက်လျော့မှာ မဟုတ်ဘူး”
“ငါလည်း လက်လျော့မှာ မဟုတ်ဘူး” ဘီလို ခေါင်းညိတ်လိုက်သည်။ “ငါတို့ အရင်ပြန်သင့်တယ်။ ဘာဖြစ်ခဲ့လဲဆိုတာကို အတိအကျ တင်ပြရမယ်။ နတ်ဘုရားကလန်မှာ အစီအစဉ် အသစ်ရှိမှာပဲ။ငါတို့ နတ်ဘုရားကလန်အပေါ် နှစ်ပေါင်းအများကြီး မှီခိုခဲ့ကြတယ်။ ငါတို့မှာ အရည်အချင်းမရှိရင် သူတို့အတွက် ခက်ခဲတဲ့အလုပ်အများအပြားကို လုပ်ပေးနိုင်ခဲ့မှာ မဟုတ်ဘူး။ ဒီနေ့ ငါတို့ ဆုံးရှုံးသွားတဲ့အရေအတွက်က နည်းတာမဟုတ်ဘူး။ ငါတို့ အပြစ်ကို လျှော်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်”