Chapter 1091: ရှေးဟောင်းကုန်းမြေ
"ဟင်းလင်းပြင်စွမ်းအင်အသိ"
အမျိုးသမီးကြီး အထိတ်တလန့် အော်လိုက်မိ၏။ မျက်တောင်တစ်ခတ်အတွင်း ရှီယန် ပျောက်သွားပြီး နတ္ထိကြယ်၏ အပြင်ဘက်အလွှာ၌ ပြန်ပေါ်သွားသည်ကို ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ သူမ ဘာမှမလုပ်နိုင်ခဲ့ပါ။
သူမ အလွန်စိတ်တိုသွားသည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်နဲ့ ရှီယန်၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို တစ်ချက်လှမ်းကြည့်ရုံဖြင့် သူမ သိနိုင်သည်။ သို့သော် သူ ဘယ်စွမ်းအင်အသိကို ကျင့်ကြံလဲဆိုသည်ကိုမူ သူမ မသိနိုင်ခဲ့ပါ။ ထို့ကြောင့် ရှီယန်၌ ဟင်းလင်းပြင်စွမ်းအင်အသိရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ရှီယန် ဟင်းလင်းပြင်စွမ်းအင်အသိကို အသုံးပြုပြီး ထွက်ပြေးသွားသည်ကို တွေ့သောအခါ သူမ နားလည်သွားသည်။ ရှီယန်သည် သူတို့နဲ့ တွေ့သွားသည့်အချိန် အဘယ်ကြောင့် တည်ငြိမ်အေးဆေးနေသလဲဆိုသည်ကို သူမ သိလိုက်သည်။
"အမေ" သွယ်လျပြီး အချိုးအစားကျနသော မိန်းကလေး၏ မျက်နှာထားပြောင်းလဲသွားသည်။
လူငယ်လေး၏ မျက်နှာထားသည်လည်း နောင်တရဝမ်းနည်းသည့်ဟန် ပေါ်နေ၏။ မကျေမနပ် သက်ပြင်းချပြီး ခေါင်းတခါခါနဲ့ ပြောလိုက်သည်။ "အဖေက သူ ကျင့်ကြံတဲ့ စွမ်းအင်အသိကို သိလို့ ဖြစ်ရမယ်။ အဲ့ဒါကြောင့်ပဲ သူ့ကို ကာကွယ်မပေးဘဲ ဒီမှာ ထားရစ်နိုင်ခဲ့တာ"
သုံးယောက်လုံးသည် ရှီယန်ကို တိုက်ခိုက်ရန် အသင့်ပြင်ခဲ့ကြပြီး သူတို့၏ စွမ်းအားများကိုပင် စုစည်းခဲ့ကြသည်။ တစ်ဖက်၌ လမ်းပြသစ်သီးကို သူတို့ ပြန်ယူချင်ကြသည်။ တခြားတစ်ဖက်၌ သူတို့သည် ရှန်းချန်အား ထွက်ပေါ်လာစေချင်ကြသည်။ ရှီယန်က အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားသောအခါ ရှန်းချန်သည် အစောကတည်းက ထွက်သွားခဲ့ပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
"အဲ့ငကြောက်မျိုးမစစ်ကောင်ကတော့" အမျိုးသမီးကြီးက အံကြိတ်လျက် ဆဲရေးလိုက်သည်။ သူမ ပုံစံသည် အလွန်စိတ်တိုနေသဖြင့် သူမ မျက်လုံးများသည် မီးလျှံခဲသို့ နီရဲတောက်လောင်နေသည်။