1129: ရုတ်ချည်းသတ်ဖြတ်ခြင်း
ကန်အောက်၌ ထိုးထွင်းမြင်နိုင်သည့် ရေပူဖောင်းများ ဖြည်းဖြည်းချင်း ရွေ့လျားသွားနေသည်။
ရှီယန် နဲ့စီစီလျာ တို့ရှိနေသည့် ရေပူဖောင်းသည် ယိမ်းယိုင်လှုပ်ရှားရင်း ကန်အောက်ခြေဘက်သို့ ကျဆင်းသွားနေသည်။ ထိုရေပူဖောင်းသည် တောက်ပလင်းလက်သည့် ပုံဆောင်ခဲများရှိရာ အမာခံကြမ်းပြင်နေရာသို့ ဦးတည်ပြီး သွားနေခြင်းဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်က ပတ်ဝန်းကျင်က အလှအပများကို သာယာခံစားရန် မအားကြပေ။
“အတားအဆီးတွေနဲ့ တိုက်ခိုက်မှုတွေအားလုံးက မော့ဖူ မြေမီးလျှံယမ်းတွေကို ဝှက်ထားခဲ့တဲ့နေရာကနေ အစပျိုးမှာပဲ။ တကယ်လို့ မြေမီးလျှံယမ်းတွေက မပေါက်ကွဲသွားရင် ကျန်တာတွေလည်း အလုပ်ဖြစ်ကြတော့မှာ မဟုတ်ဘူး။ မြေမီးလျှံယမ်းက တုန်ခါမှု ၊ တုန်လှုပ်မှုတွေ ဒါမှမဟုတ် မြေကြီးပေါ် အလေးချိန်တစ်ခုခု ထားလိုက်ရင် အသက်ဝင်လာလိမ့်မယ်။ တစ်ယောက်ယောက်က လမ်းလျှောက်သွားတာနဲ့ ဒါမှမဟုတ် တစ်ခုခု ကျသွားတာနဲ့ အဲ့ဒါတွေက ချက်ချင်း အသက်ဝင်လာကြမှာပဲ”
“မော့ဖူက မြေမီးလျှံယမ်းဘယ်လောက် တပ်ဆင်ထားခဲ့လဲဆိုတာ ငါ မသိဘူး။ ဒါပေမယ့် သူတို့ထဲက တစ်ခု ပေါက်ကွဲသွားရင် ကျန်တဲ့ဟာတွေအားလုံးလည်း အတူတကွ ပေါက်ကွဲသွားကြလိမ့်မယ်။ အဲ့ဒါက ရှန်းယင်းယွီ ၊ ရှကျောက် နဲ့ ဝူဖန်း တို့တပ်ဆင်ထားခဲ့တဲ့ အစီအရင်တွေကို အသက်ဝင်သွားစေလိမ့်မယ်။ ချက်ချင်းပဲ အရမ်းပြင်းထန်တဲ့ စွမ်းအင်မုန်တိုင်းတွေ ပေါက်ကွဲသွားကြလိမ့်မယ်”
စီစီလျာက မျက်နှာထားတင်းတင်းနဲ့ ရှင်းပြလိုက်သည်။ “ငါတို့ သူတို့ကို လှည့်စားချင်တယ်ဆိုရင် အရင်သေချာအောင် လုပ်ထားရမှာက သူတို့ ထောင်ချောက်ထဲ မ၀င်ခင် မြေမီးလျှံယမ်းတွေ ပေါက်ကွဲမသွားဖို့ လုပ်ရမှာပဲ။ အဲ့ဒါဆို ကျန်တာအားလုံးက အဆင်ပြေပြီ။”
“ဒါဆို ဒီနေရာပတ်ပတ်လည် မြေကြီးထဲက တွန်းကန်အားတွေကို ငါတိုးမြင့်ခိုင်းလိုက်မယ်။ အဲ့ဒါက အလေးချိန်တွေ တုန်ခါမှုတွေကြောင့် မြေမီးလျှံယမ်းပေါက်ကွဲမသွားအောင် လုပ်ပေးလိမ့်မယ်” ရှီယန် ခေါင်းညိတ်လိုက်သည်။