Chapter 1025: အထင်သေးမှုခံရချိန်
“မဟာအကြီးအကဲက နတ်ဘုရားကလန်ရဲ့ ကျူးကျော်မှုကို ကူညီဖို့ အမှောင်ရိပ်ကလန်နဲ့ ပူးပေါင်းခဲ့တယ် ဟုတ်လား”
ဘက်တီနာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ရှီယန်အပေါ် သူမ၏ အမြင်အရ ယုံကြည်ရသူဟု သတ်မှတ်မထားပေ။
“အဓိပ္ပါယ်မရှိတာ။ မဟာအကြီးအကဲက လောဘကြီးတယ်ဆိုပေမဲ့ လုပ်သင့် မလုပ်သင့် ခွဲခြားနိုင်ပါသေးတယ်။ နတ်ဘုရားကလန်ကို ငါတို့ဆီ ကျူးကျော်ခွင့်ပြုရင် သူ့အတွက် ဘာကောင်းကျိုးရှိမှာလဲ။ နတ်ဘုရားကလန်ရဲ့ နောက်လိုက်ခွေး ဖြစ်ချင်မှာလား”ဘက်တီနာက ခေါင်းတယမ်းယမ်းဖြင့်ပြောလိုက်သည်။ သူမ ရှီယန်ကို လုံး၀ မယုံကြည်ပါ။
ကျားတုနှင့် ဖုဝေ့လည်း အံ့အားသင့်သွားသည်။ သို့သော် ရှီယန် လိမ်လည်နေသည်ဟုသာ သူတို့ ထင်ကြသည်။ ယနေ့ ရှီယန်၏ အပြုအမူများ အလွန်ဆိုးရွားနေသည်ဟု ဖုဝေ့ တွေးနေသည်။ အာရုံစိုက်မှု ရယူရန် စျေးထဲတွင် လာအော်နေသည်နှင့်တူ၏။ ထို့ကြောင့် သူမ လက်မခံနိုင်ပါ။
“အာဂါတေးကြယ်နယ်မြေမှာ ဆေးနှင့်ကိရိယာစံအိမ်ရဲ့ အဆင့်အတန်းကို မင်းသိလား” ကျားတုက ယဉ်ကျေးဟန်မပြတော့ပါ။ မျက်နှာတစ်ချက်မဲ့လိုက်ရင်း
“ဆေးနှင့်ကိရိယာစံအိမ်ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူဟာ ကြယ်နယ်မြေတစ်ခွင် အပိုင်စားရထားပြီးသား။ သူ့အနေအထားက အားလုံးရဲ့ အထက်မှာရှိပြီးသား။ သူ့ဦးနှောက် ပျက်စီးသွားတာမဟုတ်ရင် ဘယ်နည်းနဲ့မှ နတ်ဘုရားကလန်ရဲ့ ကျူးကျော်မှုကို လက်သင့်ခံမှာမဟုတ်ဘူး။ မင်းရဲ့ဟာသက ရီရသားပဲ”ဖုဝေ့လည်း နှုတ်ဆိတ်နေသည်။ ဒီတစ်ကြိမ်တော့ သူမ ရှီယန်ကို ကာမပေးချင်တော့ပါ။
ဆေးနှင့်ကိရိယာစံအိမ်၏ အကြီးအကဲသုံးဦးသည် စကားနှင့်ရော အမူအယာနှင့်ပါ ဆန့်ကျင်နေကြသည်။
ရှီယန့်အနေဖြင့် အန္တရာယ်အသွယ်ကို ကျော်ဖြတ်ကာ ရရှိလာသော သတင်းကို အသိပေးခြင်းဖြစ်သော်လည်း သူတို့၏ တုံ့ပြန်မှုကြောင့် သူအလွန်စိတ်ဆိုးသွားသည်။ဒီလိုဖြစ်ရတာ ဆေးနှင့်ကိရိယာစံအိမ်က သူ့အဆင့်အတန်းလောက်ကို ထည့်သွင်းမစဉ်းစားသောကြောင့်ဖြစ်ကြောင်း ရှီယန်နားလည်သည်။ အကယ်၍ ရှာစင်းယန် သို့မဟုတ် သွေးတစ္ဆေနှင့် မွန်းစတားနဂါးကလန်မှ ကုတဲ့တို့မှ ထိုသတင်းကို ပြောကြားခြင်းဆိုလျှင် ဆေးနှင့်ကိရိယာစံအိမ်၏ အကြီးအကဲသုံးယောက် အထိတ်တလန့် ထခုန်ကြပေလိမ့်မည်။