Chapter 1123: အရေးတကြီးအခြေအနေ
ရှန်းယင်းယွီ ထင်ထားသည့်အတိုင်း မီအာသည် သွေးအန်ချင်လောက်အောင် ဒေါသထွက်နေသည်။
ဖိလစ်တို့အဖွဲ့ထံမှ ခွဲထွက်လာပြီးနောက် သူမ၏ ကွန်ရက်မှ လွတ်သွားကြသည့် မော့ဖူ တို့အုပ်စုကို သတ်ဖြတ်ရန် သူမ အလျင်မလိုခဲ့ပါ။ နားရမည့် နေရာတစ်ခု ရွေးလိုက်ပြီး ပြန်စဉ်းစားချင့်ချိန်နေသည်။
ဖာနန်ဒက်မိသားစု၏ သိုင်းသမားများ အုပ်စုသည် သူမ ပတ်ပတ်လည်တွင် ခပ်ကျဲကျဲ ရပ်ပြီး သူမကို မဝံ့မရဲနဲ့ ကြည့်နေကြသည်။
ယွီမာန်သည် သူမ ရှေ့၌ ဦးညွတ်လိုက်သည်။ သူ့အမူအယာသည် အားနာနေဟန်ပင်။ "သခင်မလေးရဲ့ ကိစ္စကို ရှုပ်ထွေးစေခဲ့သူက ကျွန်တော်ပါ"
"မဟုတ်ဘူး။ မင်းနဲ့ ဘာမှမဆိုင်ဘူး" မီအာသည် သူမ လက်ကို ခါရမ်းလိုက်သည်။ သူမ မျက်နှာသည် ဆီးနှင်းခဲပမာ အေးစက်နေသည်။ "အဲ့ဒါက ဖိလစ် နဲ့ ဟိုကောင်စုတ်ပဲ။ ဒီနေရာမှာ ငါးနှစ်လောက် လိုက်လံသတ်ဖြတ်ပြီးတဲ့နောက် သူ အသက်ရှင်လိမ့်အုံးမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ငါ သူ့ကို မုန်းတယ်။ သူက ငါ့ရဲ့ကောင်းမွန်တဲ့ ပူးပေါင်းမှုကို ဖျက်ဆီးလိုက်တာပဲ"
"သခင်မလေး ဘာလို့ သူ့ကို သက်တန့်ဝိဥာဉ်ပန်းကို ပေးလိုက်တာလဲ။ သက်တန့်မိစ္ဆာပန်းနဲ့ နှိုင်းယှဉ်ရင် သူ့တန်ဖိုးက အဖိုးဖြတ်လို့မရတဲ့ အရာပဲ" ယွီမာန်သည် ခေါင်းငုံ့ထားပြီး ရင်နင့်နေသည့်ပမာ သက်ပြင်းချလိုက်သည်။
မီအာက အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့တာလဲဆိုသည်ကို သူ အသေအချာ နားလည်ပါသည်။ မီအာ၏ နက်ရှိုင်းသည်လ ကျေးဇူးအား ပြန်ဆပ်ရန် သူ့အသက်ကို အပ်နှံရုံမှအပ သူ တခြားဘာလုပ်နိုင်သေးလဲဆိုသည်ကို မသိပါ။
"သက်တန့်ဝိဥာဉ်ပန်းက ပိုပြီး အများကြီးအဖိုးတန်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ဦးလေး ယွီခယ့်ကို မကယ်နိုင်ဘူးလေ။ ရပါတယ်။ အဲ့ဒါကို ပြန်ယူဖို့ ငါ နောက်ထပ်အခွင့်အရေး ရှာလိုက်မယ်" မီအာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမယ့် ဟိုင်ကို ဒီအကြောင်းပြောပြဖို့က စိတ်ညစ်စရာပဲ။ သူက အဲ့သက်တန့်ဝိဥာဉ်ပန်းကို လိုချင်နေတာ။ သူ နဲ့ ငါတို့ အဖိုးအခကို သဘောတူထားခဲ့ပြီးပြီ။ ဒီလိုမျိုး ကြုံတွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး"