Chapter 1095: နောက်ထပ်ရှိသေးလား
ထောင်သောင်းချီသော မိစ္ဆာပိုးမွှားများနှင့် အဆိပ်ကောင်များက မြေပြင်ပေါ်တွင် ထူထဲသော အခင်းကြီးသဖွယ်ဖြန့်ကျက်နေသည်။ ဆယ်မိုင်ပတ်လည်မျှ ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ တစ်ချက်ကြည့်ရုံနှင့် သွေးရူးသွေးတန်းဖြစ်သွားစေလောက်သည်။
ထိုမျှများပြားသော မိစ္ဆာပိုးမွှားများနှင့် အဆိပ်ကောင်များက လူတို့၏ ဝိညာဉ်ကိုပင် ထုံထိုင်းသွားစေမည်။
ရှကျောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်ကာ ခန့်မှန်းရန်ခက်ခဲသည်။ သူ၏ နက်မှောင်သောမျက်လုံးများက မီးတုတ်သဖွယ် တဖျတ်ဖျတ်တောက်လောင်နေသလိုရှိပြီး သူ့ကို လျှို့ဝှက်ဆန်းကြယ်သောအသွင်ဖြစ်စေသည်။
သူက ရှီယန်ကို ချက်ခြင်းမတိုက်ခိုက်သေးပါ။
ဂူနတ်ဘုရားဂိုဏ်းမှ သိုင်းသမားများတွင် တစ်ဖက်ရန်သူ၏ စွမ်းအင်အဆင့်နှင့် ခွန်အားကို တိကျစွာထောက်လှမ်းနိုင်သော လျှို့ဝှက်နည်းစနစ်များရှိသည်။
သွေးချီကို ထောက်လှမ်းခြင်း၊ စိတ်အခြေအနေ သို့မဟုတ် မျက်နှာပေါ်မှ အသေးစိတ်ပြောင်းလည်းမှုများကိုထောက်လှမ်းခြင်းဖြင့် တွက်ချက်နိုင်ခြင်းဖြစ်သည်။ တစ်ဖက်လူ၏ စွမ်းအင်အဆင့်နှင့် ခွန်အား၊ လက်ရှိစိတ်အခြေအနေအထိ အသေးစိတ်တွက်ထုတ်နိုင်သည်။စွမ်းအင်အဆင့်က လူတစ်ယောက်၏ စွမ်းရည်ကို အလုံးစုံဆုံးဖြတ်မပေးနိုင်ဘူးဆိုတာ ရှကျောက် နားလည်သည်။
သူ့ကိုယ်သူ ဥပမာအဖြစ်ထားရလျှင် သူသည် လွတ်မြောက်နတ်ဘုရား တတိယအဆင့်သာဖြစ်သော်လည်း ကနဦးနတ်ဘုရား ပထမအဆင့်များကိုပင် ယှဉ်ပြိုင်သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှုရှိသူဖြစ်သည်။
ခုနက ထွက်သွားသော ရှန်းယင်းယွီ သည်လည်း ထိုသို့သော သိုင်းသမားမျိုးဖြစ်ကြောင်း သူသိသည်။ သူမ၏ နောက်ခံကို သိပြီးနောက် သူက အလွယ်တကူ လွှတ်ပေးလိုက်သည်။
ရှကျောက် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့အကြည့်တွေက ရှီယန်ကို စူးစိုက်ထိုးဖောက်နေသကဲ့သို့။ မမြင်ရသော ဝိညာဉ်ခြိမ်းခြောက်မှုတစ်မျိုး ရှီယန်ကို ပိုက်ကွန်သဖွယ် ဖုံးအုပ်သွားသည်။ ၎င်းက ရှီယန်ကို စတင်ဖတ်ရှုရန်ကြိုးစားလိုက်သည်။