1131: ရအောင်ယူ
ယွီမာန်ကို ဖမ်းချုပ်လိုက်ပြီးနောက် ရှီယန်ပုံစံက ထူးမခြားနားပင်ဖြစ်သည်။ မီအာကို အေးဆေးတည်ငြိမ်စွာ လှမ်းကြည့်နေရင်း သူ့နှုတ်ခမ်းထက်၌ အေးစက်စက်အပြုံးတစ်ခု ဆင်ထားသည်။
မည်းနက်သည့် ဗွက်အိုင်သို့ တစ်ဟုန်ထိုးသွားနေကြသည့် ဖာနန်ဒက်မိသားစု သိုင်းသမားများ ရပ်တန့်သွားကြသည်။ သူတို့၏ မျက်နှာအမူအယာများသည် ပုံပျက်ပန်းပျက်နှင့် အေးစက်ပြီး မကျေမနပ်ဖြစ်နေကြသည်။ အကုန်လုံးက ရှီယန်ကို စိုက်ကြည့်လိုက်ကြသည်။
ဝေါ…
ကြမ်းတမ်းသည့် ရေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ စီစီလျာသည် ထိုရေစီးကြောင်းထက်၌ မတ်တပ်ရပ်နေသည်။ သူမ မျက်နှာထက်ရှိ အကြောက်တရားများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ ကျီစယ်လှောင်ပြောင်ဟန်ဖြင့် ကျစ်လျစ်သေးသွယ်သည့် ခါးလေးကို ယိမ်းလှုပ်ရင်း ရှီယန်နား၌ ဆင်းသက်လိုက်သည်။
ဖာနန်ဒက်မိသားစု၏ သိုင်းသမားများသည် မဆင်မခြင် မလှုပ်ရှားရဲကြပါ။ အကုန်လုံး မျက်စိမျက်နှာမသာမယာဖြင့်ရှိနေကြသည်။
မီအာ၏ သိမ်မွေ့သော မျက်နှာထားသည် ရှုံ့မဲ့သွားသည်။ သူမ မျက်လုံးထဲ အေးစက်သည့် ရန်ငြိုးများ လျှပ်ခနဲ ဖြတ်သွားသည်။ သူမ အသက်ပြင်းပြင်းရှူပြီး သူမကိုယ်သူမ စိတ်ငြိမ်အောင် အတင်းလုပ်လိုက်သည်။ ဖာနန်ဒက်မိသားစု၏ တခြားသိုင်းသမားများအား အချက်ပေးလိုက်သည်။
အကုန်လုံး ငြိမ်သက်သွားကြသည်။ သူမ၏ အချက်ပြမှုကိုမြင်သောအခါ ဖြန့်ကျက်သွားကြသည်။ ချက်ချင်းပြင် ရှီယန် နဲ့ စီစီလျာ တို့အား အတန်းလိုက် ဝိုင်းထားကြသည်။
“သခင်မလေး မီအာ ငါ သေမသေကို ဂရုမစိုက်ပါနဲ့။ သူ့ကို သတ်လိုက်ပါ”
ယွီမာန်၏ မျက်လုံးများသည် စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။ သူ့ဝမ်းဗိုက်မှ သွေးထွက်နေသော်လည်း သူ ကြောက်သည့်ပုံမပေါ်ပါ။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “သူက တခြားသူတွေအားလုံးထက် အန္တရာယ်ပိုများတယ်။ သူ အသက်ရှင်နေသေးတယ်ဆိုရင် ငါတို့ကလန်ရဲ့ ကြီးမားတဲ့ အစီအစဉ်ကို ထိခိုက်သွားစေလိမ့်မယ်”