Chapter 11

442 56 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 11- ကမ္ဘာကြီးကို စောင့်ကြည့်နေမယ့် မျက်လုံးတစ်စုံ

မက်ဒါနာတစ်ယောက် သူရင်းနှီးနေတဲ့ လမ်းကလေးအတိုင်း တက္ကစီငှားကာ ခရီးဆက်လာခဲ့တယ်။ အိမ်ရာဝင်းအထဲ​မှာရှိတဲ့ လုံခြုံရေးစက်ရုပ်ကတော့ အသစ်ဖြစ်သွားပြီပါပြီ။ နေ့လယ်ဖက်ဖြစ်တဲ့အတွက် ဗီလာအိမ်တွေထဲမှာ လူသူကင်းမဲ့​နေတယ်။ နယူးယောက်မှာက နေ့ခင်းပိုင်းဆိုရင် အားလုံးလိုလိုက အလုပ်သွားနေတာမလို့ အိမ်မှာလူမရှိတတ်ဘူးမဟုတ်လား။

ဒီနေ့က တင်္နလာနေ့ပါ။ ဒါပေမဲ့ မက်ဒါနာကျောင်းမသွားခဲ့ဘူး။ မနေ့က အလုပ်ကိုမသွားခဲ့တဲ့ အကြောင်းအရင်းနဲ့အတူတူပါပဲ။ တနင်္ဂနွေနေ့ညကတော့ ဖလေရာဆီက ဖုန်းလာသေးတယ်။ ပြောင်းလဲနေပြီဖြစ်တဲ့အသံကြောင့် သူဖုန်းမကိုင်ဘဲ မက်ဆေ့သာပို့ခဲ့တယ်။ အိမ်မှာ ဝတ်စုံရှော့ထပ်​ဖြစ်သွားလို့ ပြင်နေတယ်ဆိုပြီးတော့ပေါ့။

ဖလေရာကတော့ ဝတ်စုံပျက်စီးသွားတာနဲ့ပတ်သက်ပြီး သိပ်ဂရုစိုက်ပုံမပေါ်ဘူး။ ဒါပေမဲ့ ဒီတစ်ပတ်သောကြာနေ့ညနေ၊ ကျောင်းဆင်းရင်း သူ့ကိုကဖေးဆိုင်တစ်ဆိုင်မှာလာတွေ့ဖို့ ပြောထားတယ်။ ဘာကြောင့်မှန်းတော့မပြောထားပါ။ လောလောဆယ် မက်ဒါနာလည်း အဲဒီကိစ္စကို ဂရုမစိုက်နိုင်သေးဘူး။ သူကောင်မလေးဖြစ်သွားတဲ့ အကြောင်းအရင်းကို ဆိုဖီယာဆီက သိဖို့လိုနေတယ်။

ကံကောင်းစွာနဲ့ ကျောင်းဖွင့်ရက်ဖြစ်လို့ တင်မီအိမ်မှာမရှိဘူး။ မဟုတ်ရင် သူဘေးအိမ်ကိုသွားတာတွေ့ပြီး အကြောင်ခံရနိုင်တယ်။ ဆိုဖီယာရဲ့ဗီလာကတော့ သူများဗီလာတွေနဲ့မတူဘဲ ဆူညံနေပါတယ်။ ဆံပင်ရွှေရောင်၊ အုန်းမို့ခွက်ဆံပင်ကေနဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ နားမှာနားကျပ်တပ်ထားရင်း သီချင်းနားထောင်ကာ ပန်းခြံထဲကအပင်တွေကို ကပ်ကြေးနဲ့လိုက်ညှိနေတယ်။

မက်ဒါနာအိမ်နားရောက်လာတော့ အဲဒီကောင်လေးက သီချင်းကိုရပ်လိုက်ပြီးတော့ ဘဏ္ဍာစိုးလိုလိုဘာလိုလိုစတိုင်နဲ့ မက်ဒါနာကိုဦးညွှတ်လိုက်တယ်။

"မင်္ဂလာနံနက်ခင်းပါလေဒီ၊ ဘာများကူညီပေးရမလဲ။"

ကောင်လေးက ရုပ်ချောချော၊ မသိရင် အိုတိုမဲဂိမ်းတွေထဲက အလန်းစားအချစ်ပစ်မှတ်လိုလို။ ပြဿနာက အခုခေတ်မှာကလေးတွေတောင်မကြိုက်တော့တဲ့ အုန်းမို့ခွက်ကေညှပ်ထားပြီး ပီကေတရစပ်ဝါးနေတာပဲ။ ဘဏ္ဍာစိုးဝတ်စုံဝတ်ထားပေမဲ့ ကြယ်သီးတလွဲတပ်ထားတယ်။ ဖိနပ်ကြိုးခြေတာကလည်း တော်တော်လေးဆိုးဝါးပြီး ကြည့်မလှဘူး။ ကိုယ့်ဟာကိုယ်တောင် စနစ်တကျမနေနိုင်တဲ့ ဘဏ္ဍာစိုးမျိုးက ဘယ်လိုလုပ်အိမ်တော်ကို စောင့်ရှောက်နိုင်မှာလဲ။ ပြီးတော့ သူညှပ်ထားတဲ့ ခြုံပင်တွေရဲ့ပုံစံက တော်တော်ဆိုးဝါးပြီး ဘာပုံမှန်းတောင် မှန်းပုံဖော်မရဘူး။ ပြီးတော့ နေ့လယ်တောင်စောင်းနေပြီဥစ္စာကို မနက်ခင်းပါတဲ့။ မက်ဒါနာရဲ့စိတ်ကူးထဲက ဘဏ္ဍာစိုးအချောလေးပုံရိပ်က ချက်ချင်းပျက်စီးသွားရော။

I just Wanna be Hero not HeroineWhere stories live. Discover now