ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 46 - နိဂုံးဝင်္ကပါရဲ့အတွင်းဆုံးအပိုင်းထဲမှာရှိနေတဲ့ မက်ဒါနာတို့အုပ်စုနဲ့ ကွဲပြားစွာပဲ အာကိုင်းဂါမီကတော့ ဝင်္ကပါအဝင်ဝမှာ တစ်မှေးမှေးနေပါတယ်။ သူ့ပုံစံက ဒီကိစ္စအပေါ် နည်းနည်းလေးမှ စိတ်မဝင်စားသလိုပဲ။
အာကိုင်းဂါမီကို စောင့်ကြည့်နေတဲ့ ဗီးနပ်စ်ကိုယ်ပွားက သက်ပြင်းချလိုက်ပြီး စကားစလာတယ်။
"ရှင်တကယ်ပဲ သူတို့ကို ဂရုမစိုက်တော့တာလား၊ ဒါမှမဟုတ် ဂရုမစိုက်ချင်ယောင် ဆောင်နေတာလား။"
အရင်ဖြစ်ခဲ့တဲ့ကိစ္စတွေအရ အာကိုင်းဂါမီဟာ လူတွေကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေမဲ့ တကယ့်တကယ်တမ်းမှာ သံယောဇဥ်သိပ်ကြီးမှန်း ဗီးနပ်စ်သိနိုင်တယ်။ ဒါကြောင့် အခုလိုမျိုး ထူးမခြားနားပုံစံနဲ့ရှိနေခြင်းက ဗီးနပ်စ်ကို စိတ်မချရတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။
"ငါ ဝင်္ကပါထဲကို ဝင်သွားတဲ့သူတွေကို တာလီချိုးပြီးမှတ်ထားတယ်။ အားလုံးပေါင်း ခြောက်ယောက်ရှိတယ်။ သူတို့တွေထဲက တစ်ယောက်ကိုမှ ငါမမေ့သေးပုံထောက်တော့ သူတို့တွေ အသက်ရှင်နေသေးပုံပဲ။"
အာကိုင်းဂါမီရဲ့စကားကြောင့် ဗီးနပ်စ်ခပ်ဟဟရယ်လိုက်တယ်။ ပြီးနောက် သူ့မျက်နှာက ပြန်တည်တန့်သွားပြီး အာကိုင်းဂါမီကို ခပ်တည်တည်ကြည့်ပြီး ပြောပါတယ်။
"ဒီတော့ ရှင်က ရှင့်ရဲ့ထူးခြားတဲ့စိတ်အခြေအနေအပေါ် ယုံကြည်မှုအပြည့်ရှိတယ်ပေါ့။ သူတို့တွေ မသေသေးပေမဲ့ ကျွန်မရဲ့မှိုရောဂါစွဲပြီး ရုပ်သေးတွေဖြစ်ကုန်တာရော မဖြစ်နိုင်ဘူးလား။ ဒီလိုဆိုရင်ရော ရှင်ဘယ်လုပ်မလဲ။"
ဗီးနပ်စ်ရဲ့စကားကြောင့် အာကိုင်းဂါမီက ပြုံးရုံလေးပြုံးလိုက်ပြီး ထိုင်နေရာကနေ ထရပ်လိုက်တယ်။ ဒီအပြုအမူကြောင့် ဗီးနပ်စ်ကိုယ်ပွားလည်း နောက်ကို တစ်လှမ်းဆုတ်လိုက်ရတယ်။
"မင်းစဝင်လာကတည်းက မင်းရဲ့အပြုအမူတွေကို ငါလေ့လာနေတာ။ အစကနေအဆုံးအထိ မင်းက အောင်နိုင်သူတစ်ယောက်လို ပြုံးနေခဲ့တာလေ။ ဒါပေမဲ့ အခုတော့မင်းက ပုံမှန်အခြေအနေဖြစ်တဲ့ တိတ်ဆိတ်ခြင်းကို ချိုးဖောက်ပြီးတော့ ငါ့ကိုစကားတွေဖောင်ဖွဲ့ပြောနေတယ်။"
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...