ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 23 - သိပ္ပံရူးတစ်ယောက်အခန်းငယ်လေးတစ်ခုရဲ့ထောင့်မှာတော့ စင်တီက ပြတင်းပေါက်ပြင်ပက ကျွန်းရှုခင်းကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ သူ့အတွက်တော့ ဒီလိုမပြုံးရတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာခဲ့ပြီ။
Mad doctorဟာ ကိုယ်ပိုင်အသိစိတ်ရှိနေတဲ့ သူ့ကိုထိန်းချုပ်ဖို့အတွက် ခေါင်းထဲကို နာနိုချပ်စ်ပြားလေးတစ်ခု ဖောက်ထည့်ပေးခဲ့ဖူးတယ်။ ငယ်စဥ်က သူ့ကိုပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့အတွက်ပေါ့။
အဲဒီနေ့တုန်းက သေဆုံးသွားခဲ့သူတွေရဲ့မျက်နှာကို စင်တီသတိရနေတုန်း။ မဟုတ်ဘူး၊ တကယ်တော့ အထိန်းချုပ်ခံနေရစဥ်အချိန်တုန်းက သူသတ်မိခဲ့တဲ့ လူတွေအားလုံးရဲ့မျက်နှာကို သူသတိရနေတုန်းပဲ။
အကြောက်တရားဖုံးလွှမ်းနေတဲ့ မျက်နှာတွေနဲ့ မုန်းတီးစိတ်အပြည့်ပါတဲ့မျက်လုံးအကြည့်တွေက နက်ရှိုင်းလှတဲ့ အိပ်မက်ဆိုးတွေထဲမှာ သူ့ကိုခြောက်လှန့်နေဆဲ။
ချပ်စ်ပြား ပျက်စီးသွားပြီး သူ့အသိစိတ်ကို ပြန်ရလာချိန်မှာတော့ စိတ်သန့်သန့်နဲ့အိပ်လို့ရတဲ့ညတွေ မရှိတော့ဘူး။ အရာရာက သူ့အတွက် အိပ်မက်ဆိုးလိုဖြစ်နေတယ်။
Mad doctorက သူ့ကိုတယုတယဆက်ဆံပေမဲ့ တကယ်တော့ သူမဟုတ်တဲ့ သေဆုံးသွားသူတစ်ယောက်အမှတ်နဲ့ ချစ်ခင်ကြင်နာပြနေတာ။ သူ့ကို အရုပ်လေးတစ်ရုပ်လိုမျိုး ထားလိုရာနေ ခိုင်းလိုရာစေတယ်။ သူ့ရဲ့စစ်မှန်တဲ့ ခံစားချက်တွေကို လစ်လျူရှုထားပြီးတော့ပေါ့။ တကယ်တော့ စင်တီဟာ စမစ်ရဲ့လည်ပတ်မရှိတဲ့ ကျေးကျွန်တစ်ယောက်သာသာ။
ဒါပေမဲ့ ဆုဗာနာတိုက်ပွဲပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားတယ်။ ပြင်းထန်တဲ့နာကျင်မှုအချက်ပြကြောင့် သူ့ဦးနောက်ထဲမှာရှိနေတဲ့ ချပ်စ်ပြား လောင်ကျွမ်းပျက်စီးသွားတယ်။ အဲဒီနောက်တော့ ဖျောက်ပစ်ခံထားရတဲ့ နာကျင်စရာမှတ်ဉာဏ်တွေက တားဆီးမရနိုင်တဲ့ တောင်ကျရေလိုမျိုး သူ့ဦးနောက်အတွင်းပိုင်းက စီးထွက်လာခဲ့တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...