ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 19 - လန်ဒန်မက်ဒါနာတို့လေယာဥ်က လန်ဒန်မြို့လေဆိပ်ကိုရောက်ဖို့အတွက် ဆယ်နာရီလောက် လေပေါ်မှာ အချိန်ကုန်ခဲ့ကြရတယ်။ ဒါတောင်မှ ကိုယ်ပိုင်ဂျက်လေယာဥ်မလို့ ဒီလောက်မြန်တာဖြစ်ပြီး သာမန်ခရီးသည်တင်လေယာဥ်နဲ့ဆိုရင် ဗီလိန်ကွန်ဂရက်ပြီးတာတောင် ရောက်ချင်မှရောက်မှာပါ။
နှစ်ယောက်လုံး လေယာဥ်ပေါ်မှာအိပ်ခွင့်ရခဲ့လို့ တော်သေးတယ်။ ဒါတောင်မှ မက်ဒါနာတစ်ယောက် အိပ်ရေးမဝဘူးဖြစ်နေတယ်။ ဖရာလီတာကတော့ မက်ဒါနာနဲ့အတူတူ လေယာဥ်ပေါ်မှာ နှစ်ယောက်တည်းရှိနေခဲ့ရပြီး ပခုံးပေါ်ခေါင်းတင်အိပ်ခွင့်ရခဲ့တဲ့အတွက် အင်မတန်တက်ကြွနေလေရဲ့။ တကယ်တော့ လီဆာလည်းပါပေမဲ့ ဖရာလီတာကတော့ မိုးမမြင်လေမမြင်ရယ်။
"မေမေမက်ဒါနာ၊ မေမေက မေမေလင်ဒါကို မသနားတော့ဘူးလား။" လေယာဥ်ပေါ်မှာတုန်းက ဒီလိုမျိုးမေးပေမဲ့ ဖရာလီတာရဲ့ကြောက်စရာအကြည့်ကြီးကြောင့် ဆက်မပြောရဲတော့ဘူး။
"ဗီလိန်ကွန်ဂရက်က နောက်ဆယ်နာရီဆိုရင် စတော့မှာ။ နင်တို့အမိန့်တော်အုပ်စုက သူတို့ကျွန်းကို ဒီအချိန်လောက်လေးနဲ့ ရှာနိုင်စွမ်းရှိလို့လား။"
လေယာဥ်ပေါ်ကနေ ဆင်းလာတော့ ဖရာလီတာက မက်ဒါနာရဲ့လက်ကိုတွဲထားပြီး ကိုယ်ကိုလည်းမက်ဒါနာဖက် သိသိသာသာမှီထားသေးတယ်။ လီဆာကတော့ ဖရာလီတာကို မျက်လုံးကြီးဒေါက်ထောက်ကြည့်လို့။ မသိရင် ချက်ချင်းနောက်ကနေ ကန်ချလို့ရရင် ကန်ချတော့မယ့်ရုပ်နဲ့ နောက်ကနေ ပေစောင်းပေစောင်းနဲ့လိုက်လာတယ်။ မက်ဒါနာကတော့ အသေးမလေးနှစ်ယောက်လုံးကို အာရုံမစိုက်နိုင်သေးဘူး။
"စိတ်မပူပါနဲ့... မြေထဲပင်လယ်ဆိုတာက ဥရောပမိသားစုကြီးတွေရဲ့ပိုင်နက်ပဲ၊ ဒီတော့ သူတို့ကိုရှာဖို့က ကိတ်မုန့်အပိုင်းအစလေးတစ်ခုလိုပဲ။"
ဖရာလီတာက သူတို့စုံတွဲကို မျက်စိဒေါက်ထောက်ကြည့်နေတဲ့ လီဆာနဲ့ပန်ဒရာဂွန်မိသားစုက သက်တော်စောင့်တွေကို နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ မက်ဒါနာလက်ကို ဆက်တွဲထားရင်း ပြောလိုက်တယ်။ ကြည့်ရတာ ဖရာလီတာကလည်း မက်ဒါနာလိုပဲ သူ့ရဲ့တော်ဝင်ဂုဏ်ပုဒ်တွေကို ဂရုစိုက်ပုံမပေါ်ဘူး။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...