ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Volume 3 - Prologueပျက်စီးနေသည့် အဆောက်အဦးများနှင့် ပြည့်နှက်နေသော မြေပြင်ပေါ်သို့ အနက်ရောင်ယာဥ်ပျံတစ်စင်း ဆင်းသက်လာသည်။
ထိုယာဥ်ပျံကိုယ်တိုင်ကလည်း ကောင်းမွန်သည့်အခြေအနေတွင် ရှိမနေပေ။ နေရာတိုင်းတွင် အကောင်ကြီးတစ်ကောင်က ကုတ်ဖဲ့ထားဟန်ဖြင့် ခြစ်ရာများ၊ ပြတ်ရှရာများက ရှိနေပေသည်။ ယာဥ်ပျံက စစ်သုံးယာဥ်ဖြစ်ဟန်ဖြင့် အာကာသအမြောက်တချို့ကို တပ်ဆင်ထားသည့်တိုင်အောင် တော်တော်များများမှာ ချိုးဖဲ့ခံထားရဟန်ဖြင့် ပျက်စီးနေ၏။
ယာဥ်တံခါးက ပွင့်လာသည်။ သိုင်းကြိုးများပါသည့် အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ယာဥ်ပေါ်မှဆင်းလာ၏။ ထိုအခိုက်အတန့်လေးမှာပင် မြို့ပျက်ကြီးအတွင်းမှ သတ္တဝါပေါင်းစုံ၏အသံများ စတင်ထွက်ပေါ်လာသည်။ အော်သံများ၊ ကုတ်ခြစ်သံများ၊ တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်မိသည့်အသံများနှင့် ပြေးလာနေသော ခြေသံများ။
ထိုလူက ထိုအသံများကိုကြားသည်နှင့် ခေါင်းကိုစောင်းလိုက်ပြီး သူ့ခါးတွင်ချိတ်ထာသည့် သေနတ်နှစ်လက်ကို ဆွဲထုတ်လိုက်ကာ လက်တစ်ဖက်တွင် တစ်လက်ဆီ ကိုင်ထားလိုက်၏။
"ဗလာကောင်တွေ...." သားရေဝတ်စုံနှင့်တစ်တွဲထဲပါသော ခေါင်းစွပ်အောက်တွင် သူ့ပါးစပ်က လှုပ်ရှားသွားသော်လည်း မျက်နှာကိုမူ နှာခေါင်းတစ်ဝက်ထိသာဖုံးသော သားရေမျက်နှာဖုံးဖြင့် ကာထားသဖြင့် သေချာမမြင်ရပေ။
မကြာခင်မှာပင် လူသားနှင့်တူသော်လည်း လူသားမဟုတ်သည့် ခြောက်ခြားဖွယ်ရာ သတ္တဝါရာနှင့်ချီ၍ ပြေးထွက်လာကြသည်။ အကုန်လုံးက မြေပြင်တွင် လေးဖက်ထောက်ကာ ပြေးနေကြပြီး ဝတ်ရုံနက်ဆီသို့ ဦးတည်ကာ လာနေကြခြင်းဖြစ်၏။
"သေစမ်း...." ဝတ်ရုံနက်က ထိုသတ္တဝါများကို သေနတ်ဖြင့် ချိန်လိုက်ပြီး စတင်ပစ်ခတ်တော့သည်။ သေနတ်ပေါင်းဝမှ အပြာရောင်မီးတောက် တောက်လောင်လာပြီးနောက် အဖြူရောင်အရုပ်ဆိုးသော သတ္တဝါကြီးတစ်ကောင်၏ခေါင်းကို ကျည်ဆန်က ဖောက်ဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် ထိုနေရာမှ ဝဲကတော့ပုံစံ အနက်ရောင်တွင်းနက်အသေးစားလေး ဖြစ်ပေါ်လာပြီး တစ်ကောင်လုံးကို စုပ်ယူသွားကာ ဘေးမှအကောင်တချို့ပင် စုပ်ယူခံလိုက်ရသေးသည်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...