Chapter 45

269 51 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 45- ရည်မှန်းချက်များ

မက်ဒါနာတို့ ထွက်သွားပြီးသည့်နောက်တွင် တပ်ကူဟီးရိုးအုပ်စုလည်း ရောက်ရှိလာပြီဖြစ်သည်။ သူတို့အလုပ်က သိပ်မရှိခဲ့ပါ။ ကျောင်းဝင်းထဲတွင် သတိလစ်နေသည့် ကျောင်းသားများကို ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကာ ဆေးရုံသို့ပို့ပေးခြင်း၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေကို ရှင်းလင်းခြင်း၊ အခင်းဖြစ်ရာ နေရာပတ်ဝန်းကျင်တွင် ရှိနေသူများအား မေးမြန်းခြင်းတို့သာဖြစ်၏။

ကယ်ဆယ်ရေးအဖွဲ့က ထိုနေရာတွင် အချိန်အကြာကြီးမနေခဲ့ပါ။ သတင်းထောက်အဖွဲ့ထံမှ Silver Knight ထွက်သွားသည့်အကြောင်းကို ကြားပြီးသည့်နောက် စာရင်းစာရွက်ပေါ်တွင် စာသားတချို့ကိုရေးကာ ပြန်ထွက်သွားကြသည်။

အစအဆုံးထိ မည်သူမှကျောင်းဝင်းအပြင်ဖက်မှ လေမတိုက်ဘဲ လှုပ်ယမ်းနေသော မြက်ပင်လေးတစ်ပင်ကို သတိမပြုမိလိုက်ကြပေ။ ညနေပိုင်း နေဝင်ခါနီး လူသူကင်းရှင်းသည့်အချိန်အရောက်တွင် ထိုမြက်ပင်လေးက တဖြည်းဖြည်းကြီးမားလာပြီး အချင်းချင်းလိမ်ယှက်ကာ လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ခေါင်းပေါ်တွင် နတ်သမီးထောင်ချောက်ပင်ပေါက်နေသော မိန်းကလေး အဝတ်ဗလာဖြင့်ပင် ကတ္တရာလမ်းပေါ် ထိုင်ချလိုက်၏။ သူ့ပုံစံက လွန်စွာပင်ပန်းနေပုံရပြီး အသက်ကိုလုရှူနေသည်။ အတော်ကြာပြီးသည့်နောက်မှ သူ့လက်ပေါ်တွင် တွယ်ကပ်နေသည့် အသက်အမြစ်များကို အနာခံကာ ဆွဲနှုတ်ပစ်လိုက်ပြီး ထရပ်လိုက်၏။

"Silver knightတဲ့လား... ပြိုင်ဖက်ကောင်းတစ်​ယောက်ပဲ။" ဗီးနပ်စ်က နယ်​မြေအမျိုးအစား စွမ်းအားရှိသော အထူးမြူတန့်တစ်ယောက်ဖြစ်သည်။ သူ့အနေဖြင့် ပန်းဝတ်မှုန်တစ်စကို အပြင်မှာချန်ထားခဲ့သမျှ ပြန်ရှင်သန်နိုင်သည်။ သူ့ထက်အဆင့်မြင့်သော မြူတန့်များသည် သူ့ကိုအနိုင်ယူနိုင်စွမ်းရှိသော်လည်း အသေသတ်နိုင်ရန် မစွမ်းသာပါ။

သို့သော် ထိုကဲ့သို့သော စွမ်းအားတစ်ခုကို ပေးဆပ်မှုမရှိဘဲ အဘယ်မှာရမည်နည်း။ ဗီးနပ်စ်၏လက်မောင်းပေါ်တွင် အစိမ်းရောင်သန်းနေသည့် အသားအရေအကွက်တချို့ရှိနေပြီး ကလိုရိုဖီးလ်က လူသားထဲစိမ့်ဝင်နေသည့် လက္ခဏာဖြစ်သည်။ သေဆုံးသွားသည့်အကြိမ်တိုင်းတွင် သူ၏လူသားဆိုသည့် ဖြစ်တည်မှုကလည်း ပိုမိုမှေးမှိန်လာလေဖြစ်ပေ၏။

I just Wanna be Hero not HeroineWhere stories live. Discover now