Chapter 18

351 44 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Chapter 18- အနီရောင်နတ်ဘုရား

အာကိုင်းဂါမီအတွက် ဒီနေ့ကလည်း ပုံမှန်ရက်ကလေးပါ။

မနက်စောစောစီးစီး အလန်းနာရီသံကြားတာနဲ့ သူ့ရဲ့သတ္ထုစပ်အိပ်ရာအဖုံးကို အထဲကနေ တွန်းဖွင့်လိုက်တယ်။ အဲဒီနောက် သန်းဝေရင်း အထဲကနေထွက်ပြီး အဖုံးကြီးကို ပြန်ပိတ်လိုက်တယ်။ အိပ်ရာဆိုပေမဲ့ သူများအိပ်ရာတွေနဲ့မတူဘူး။ လူတစ်ယောက် လက်ပိုက်ပြီးတော့ အိပ်နေတဲ့ပုံစံရှိတဲ့ ဖောင်းကြွရုပ်ထုပါတဲ့ သေတ္ထာကြီးလိုမျိုးပဲ။ ပြောရရင် အာကိုင်းဂါမီနေနေတဲ့ ရှင်တိုနတ်ကွန်းလေးကိုလာတဲ့လူတွေက အဲဒီသတ္ထု​သေတ္ထာကြီးကို ပူဇော်ပသပြီး ဆုတောင်းလေ့ရှိကြတယ်။

"ဝှား....." အာကိုင်းဂါမီရဲ့ဆံပင်တွေက သွေးလိုရဲရဲနီတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သာမန်လူမှာမှ အဲဒီလိုဆံပင်မျိုးမရှိဘူး။ သူ့ရုပ်ရည်ကတော့ အသက်နှစ်ဆယ်အရွယ်လောက်ပဲရှိဦးမယ်။ ဒါပေမဲ့ နတ်ကွန်းကလူတွေပြောတာတော့ သူကအဲဒီရုပ်ထုကြီးနဲ့အတူပါလာတာတဲ့။ ရုပ်ထုကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့တာ။

အယ်ဒိုခေတ်နှောင်းပိုင်း၊ ဘုရင့်ဂိုဏ်းသားတွေနဲ့ ရှိုးဂန်းဘက်တော်သားတွေ တိုက်ခိုက်နေကြတဲ့ ဘိုရှင်းစစ်ပွဲကာလမှာပေါ့။ တိမ်တွေရှင်းလင်းတဲ့ ညတစ်ညမှာ ဥက္ကာပျံကြီးတစ်ခု ကမ္ဘာပေါ်ကိုကျလာတယ်။ ပြီးတော့ ဘုရင့်ဂိုဏ်းသားတွေနဲ့ရှိုးဂန်းဘတ်တော်သားတွေရဲ့ပိုင်နက်နှစ်ကြား နယ်စပ်မှာကျသွားတာပါ။

သိချင်စိတ်အပြည့်နဲ့နှစ်ဖက်အဖွဲ့တွေ ဥက္ကာပျံကျရောက်ခဲ့တဲ့ တွင်းချိုင့်ကြီးနားကို ချဥ်းကပ်သွားကြတယ်။ အဲဒီမှာ အမျိုးအမည်မသိတဲ့သတ္တုတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ မတ်တပ်ရပ်လက်ပိုက်ထားဟန်ပါတဲ့ ဖောင်းကြွရုပ်ထုသေတ္တာကြီးကို သူတို့ရှာတွေ့သွားတယ်။ ရုပ်ထုသေတ္တာက ဖာရိုဘုရင်တွေကိုထည့်တဲ့ ခေါင်းတလားနဲ့နည်းနည်းဆင်တယ်။ ဒါပေမဲ့တစ်ခုတည်းသောပြဿနာက အင်မတန်မာကျောတာပဲ။ ဘယ်သူမှဖွင့်မရခဲ့ဘူး။

တိုကုဂါဝါတွေနဲ့ဘုရင့်ဂိုဏ်းသားတွေ အဲဒီရုပ်ထုကိုရဖို့အတွက် လူငါးရာလောက်စတေးပြီးလုခဲ့ကြတယ်။ နောက်ဆုံးတော့ မေဂျီဘုရင်ရသွားပြီး သားနားတဲ့ရုပ်ထုကြီးကိုကြည့်ရင်း ကံကြမ္မာကငါ့ဖက်မှာဆိုပြီး ကြွေးကြော်တယ်။ ပြဿနာက မေဂျီဘုရင်ဟာ ရှင်တိုဘာသာရေးကို ဒီလောက်ကြီးကိုင်းရှိုင်းတာမဟုတ်ဘူး။ ကောင်းကင်ကကျလာတဲ့ နတ်ဘုရားရုပ်ရဲ့ပိုင်ရှင်ဖြစ်လို့ နိုင်ငံအုပ်ချုပ်သူအစစ်အမှန်ဖြစ်တယ်ဆိုပြီး လူထုကိုကြွားလုံးထုတ်ချင်ရုံပဲ။ ကြွားလုံးထုတ်ပြီးတာနဲ့ တိုကျိုမြို့စွန်မှာရှိတဲ့ ရာစုယိုနတ်ကွန်းမှာ ချောင်ထိုးထားခဲ့တယ်။ စစ်ပွဲပြီးတာတောင် အီဇုမိုမှာပြောင်းထားဖို့ စိတ်မဝင်စားခဲ့ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now