ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 26 - သူတို့သတိထားမိတယ်မက်ဒါနာတို့အုပ်စုလေးက နွံတောထဲက ကျူပင်ခြုံတွေကြားထဲမှာ ပုန်းနေကြတယ်။ ကောင်စုတ်လေးဒီပကတော့ သူယူလာတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့ ရှေ့တည့်တည့်ကို ချောင်းကြည့်နေပါတယ်။
"တကယ်ပဲ ဒီနေရာမှာ စခန်းကြီးတစ်ခုရှိနေတာပဲ။"
မက်ဒါနာကလည်း ဝတ်စုံရဲ့စနစ်နဲ့ချိတ်လိုက်ပြီး ရှေ့ကမြင်ကွင်းတွေကို အကျယ်ချဲ့ကြည့်လိုက်ပါတယ်။ သူတို့နဲ့မီတာငါးရာလောက်အကွာမှာ ဒါဇင်နဲ့ချီတဲ့ ရွက်ဖျင်တဲတွေကို တွေ့နေရတယ်။ ပြီးတော့ ကြိုးတွေနဲ့ဝိုင်းတုပ်ပြီးမြေပြင်မှာ သပ်ရိုက်ဖမ်းထားတဲ့ မြွေလိုလို အကောင်ကြီးတစ်ကောင်ကိုရောပေါ့။
"အဲဒါက ညံကောင်လား၊ ဒီလူတွေက ညံကောင်ကို ဝိုင်းချုပ်ထားကြတာပဲ။"
ကောင်စုတ်လေးဒီပကတော့ သူ့နောက်မှာရှိနေတဲ့ ငွေရောင်စစ်သည်တော်ကို ပြန်လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။ သူ့မျက်နှာမှာတော့ မယုံနိုင်မှုတွေက အထင်းသားရယ်။
"ခင်ဗျားဝတ်စုံက အဝေးကြည့်စနစ်လည်း ပါတာပဲလား။ မှန်ပြောင်းတွေမပါဘဲနဲ့ ဘယ်လိုလုပ်ထားတာလဲ။"
မက်ဒါနာကတော့ ပခုံးတွန့်ပြလိုက်တယ်။ ကောင်စုတ်လေးပြောသလိုပဲ သူ့မှာအဝေးကြည့်မှန်ပြောင်းနဲ့ဆင်တဲ့ စနစ်မျိုးပါပေမဲ့ တကယ်က မှန်ဘီဘူးနည်းပညာမဟုတ်ဘူး။ လက်ရှိနည်းပညာတွေထက် ရှေ့ရောက်နေတဲ့ ရုပ်သံကြည်လင်မှုနည်းပညာပါ။ ကိုယ် မြင်နေတဲ့မြင်ကွင်းကို အကျယ်ချဲ့ပြီး ကြည်လင်လာအောင် အရောင်တုံးလေးတွေ ထည့်လို့ရတယ်။ ပြောရရင် resolution 144p ပုံတစ်ပုံကို 4K အပြည့်ရအောင် တွက်ချက်အဖြေထုတ်နိုင်တဲ့ စူပါနည်းပညာပါ။
"တကယ်တော့ ပုံရိပ်ကြည်အောင်လုပ်တဲ့ နည်းပညာပါ။ James Webb အာကာသကြည့်မှန်ပြောင်းက နည်းပညာကိုပြန်အခြေခံပြီး လုပ်ထားတာလေ။"
"ငါတော့ လိုက်မမီတော့ဘူး။" ရှေးရိုးစွဲဆန်တဲ့ ဖုတုဟိုင်က သူနားမလည်နိုင်တဲ့အရာတွေကို ရှင်းပြနေတဲ့ ငွေရောင်စစ်သည်တော်ကို ခေါင်းခါပြပြီးပြောလိုက်တယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...