V3 Chapter 29 - လူတူစက်ရုပ်အခွင့်အရေး

139 17 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 29 - လူတူစက်ရုပ်အခွင့်အရေး

အဖြူရောင်အလင်းမှုန်တွေ ဖြာထွက်နေတဲ့ တောင်ပံကို တပ်ဆင်ထားတဲ့ အသုံးမကျတဲ့ အိမ်စေမ​လေးက မြူတောထဲကို စတင်တိုးဝင်လာတယ်။ လက်ထဲမှာတော့ ဒရုန်းငယ်လေးတွေပါတဲ့ သေတ္တာတစ််ခု။

ခါးမှာတော့ သင်္ဘောသုံးကြိုးကြီးတစ်ချောင်း ချည်ထားပါတယ်။ ဒါမှလည်း ပြင်ပလောကနဲ့ ဆက်သွယ်လို့ရမှာကိုး။

မက်ဒါနာရဲ့အကြံက... "ဒေါက်တာမြူရဲ့မြူတွေက ရေဒီယိုလှိုင်းအပါအဝင် တခြားဆက်သွယ်ရေးနည်းတိုင်းကို ဖြတ်ချနိုင်တယ်။ အကောင်းဆုံးကတော့ လျှပ်စစ်မသုံးရတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ပဲ။"

ဒီအကြံက နည်းနည်းခေတ်နောက်ကျပေမဲ့ တကယ်အလုပ်ဖြစ်နိုင်တဲ့အရာတစ်ခုပါ။ ပြောရမယ်ဆိုရင် သူတို့မှာလည်း တခြားနည်းလမ်းတွေ တွေးမရတော့ဘူး။ ပြီးတော့ တွေးနေဖို့လည်း အချိန်မရပါဘူး။

ဒေါက်တာမြူက တိုက်စစ်စွမ်းအားမည်မည်ရရမရှိပေမဲ့ အရိပ်သခင်ကတော့ ခေါင်းကိုက်စရာမြူတန့်စွမ်းအားရှိပါတယ်။ အထဲမှာရှိနေတဲ့ S အဆင့်ဟီးရိုးတွေအတွက် အသက်အန္တရာယ်ရှိနေပြီး အချိန်မီအကူလွှတ်ဖို့လိုတယ်။

S rank တွေက နိုင်ငံတိုင်းအတွက်အရေးကြီးတဲ့ အင်အားပြယုဂ်တွေပါ။ ပိုမိုဆိုးဝါးလာတဲ့ ဗီလိန်တွေရဲ့လှုပ်ရှားမှုကိုတားဆီးဖို့ သူတို့ကိုမှီခိုနေရတာဖြစ်ပြီး တကယ်လို့ လက်ရှိပင်လယ်ထဲမှာအခက်တွေ့နေတဲ့ ဟီးရိုးတွေကိုသာ ဆုံးရှုံးခဲ့ရင် ဟီးရိုးအစည်းအရုံးအနေနဲ့ အဲဒီသက်ရောက်မှုတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။

မက်ဒါနာရဲ့အကြံကိုကြားတော့ ဖရာလီတာက စစချင်း ပြန်တုံပြန်လိုက်တယ်။

"နင်က နင့်ရဲ့အသုံးမကျတဲ့အိမ်ဖော်မကို စာပို့ခိုလိုသုံးမလို့လား။" ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြတယ်။ မြူတောထဲဝင်ပြီးသွားရင် ပြန်ထွက်ဖို့က တော်တော်ခက်တယ်လေ။ တကယ်တော့ အေမီအနေနဲ့ ဝင်သွားပြီးတာနဲ့ ပြန်ထွက်လာဖို့တောင် သေချာတာမဟုတ်ဘူး။ ဝင်ပြီးတာနဲ့ တစ်စစီဖြစ်ရင်ဖြစ်သွားမှာ။ ဒေါက်တာမြူရဲ့မြူပင်လယ်ကြီးက စတီဖင်ကင်း ကိုးကားမှုကြီးဆိုတော့ စာပို့ခိုလိုမျိုး ဝင်လိုက်ထွက်လိုက်နဲ့ သတင်းပို့လို့မရနိုင်ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now