ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V3 Chapter 19 - စိန်ခေါ်ပွဲလျှို့ဝှက်စခန်းထဲမှာ စတိုင်ကျကျထိုင်ပြီး VR မျက်မှန်တပ်ထားတဲ့ ဒေါက်တာစမစ်က အမြင်တုအစည်းအဝေးခန်းထဲမှာရှိနေတဲ့ ဗီလိန်တွေကိုကြည့်ရင်း ခပ်ဟဟပြုံးလိုက်တယ်။
အစပိုင်းမှာတုန်းက ဒီလူတွေက သူ့ကိုသံသယနဲ့ကြည့်ခဲ့ပေမဲ့ အခုတော့သူတို့တွေက သူ့ကိုမျှော်လင့်ချက်တွေနဲ့ ပြန်ကြည့်လာကြတယ်။ ဗီလိန်တွေဟာ မြူတန့်ခေတ်ရဲ့နှစ်ငါးဆယ်လုံးလုံး ဟီးရိုးတွေဖိနှိပ်တာကို ခံထားရတာပါ။
စမစ်ရဲ့အကြံသာတကယ်အလုပ်ဖြစ်ပြီး ဟီးရိုးတွေနဲ့လူသားတွေကို အစေးမကပ်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ဟီးရိုးတွေဟာ လူထုထောက်ခံမှုလို့ခေါ်တဲ့ သူတို့တွေရဲ့အဓိကစွမ်းအားကို ဆုံးရှုံးသွားမှာဖြစ်ပြီး ဗီလိန်တွေနဲ့ ထူးမခြားနားဖြစ်သွားကြမှာပါ။ လူသားတွေရဲ့ငြင်းပယ်ခြင်းကိုခံရမယ်။ အမြဲအထီးကျန်နေပြီး အမှောင်ထောင့်တစ်ထောင့်မှာ ပုန်းကွယ်နေရမယ်။ ဒီဒဏ်တွေကို မခံနိုင်တဲ့ဟီးရိုးတွေကတော့ မြူတန့်လွတ်မြောက်ရေးတပ်ဦးရဲ့အမာခံစစ်သည်တွေအဖြစ် သူတို့နဲ့လာပူးပေါင်းကြမှာဖြစ်ပြီး ခေါင်းမာတဲ့ဟီးရိုးအချို့သာ ဟီးရိုးအနေနဲ့ကျန်ခဲ့မှာပါ။ ဒါတောင်မှ လူသားအစိုးရတွေက သူတို့ကိုအကြမ်းဖက်ဖြေရှင်းဖို့ ကြိုးစားကြဦးမှာ။
ဒါပေမဲ့ စမစ်အနေနဲ့ ဒီဗီလိန်တွေကို ခိုင်မာတဲ့အာမခံချက်နဲ့အကျိုးအမြတ်တွေကို ချပြပေးနိုင်ဖို့တော့ လိုအပ်နေဆဲပါ။ ဒီလိုမှမဟုတ်ရင် ဗီလိန်တွေက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားလာကျောင်းပေးကြမှာမဟုတ်ဘူး။
ဗီလိန်တွေဟာ သာမန်လူတွေထက် ပိုလောဘနဲ့ရလိုစိတ်ကြီးကြတယ်။ သူတို့ကိုအဆွဲဆောင်နိုင်ဆုံးအရာက အကျိုးအမြတ်ပါပဲ။
စမစ်က ကွန်ပျူတာပေါ်တင်ထားတဲ့ သူ့လက်တွေကို လှုပ်ရှားလိုက်တယ်။ မြူတန့်စစ်သားထောင်ချီကို ဒဇုန်းမြင်ကွင်းကနေတစ်ဆင့် ရိုက်ပြထားတဲ့ဗီဒီယိုဟာ အစည်းအဝေးခန်းမထဲမှာ ဟော်လိုဂရမ် သုံးဖက်မြင်ပုံရိပ်အဖြစ် ထွက်ပေါ်လာတယ်။
YOU ARE READING
I just Wanna be Hero not Heroine
Teen Fiction"ဘုရားသခင် ငါ့ရှေ့ကိုလာခဲ့စမ်းပါ။ ငါမင်းကို နုပ်နုပ်စင်းပစ်ချင်လို့ပါ။ ငါက သိပ်လှတဲ့ ချစ်သူလိုချင်တာဟ။ သိပ်လှတဲ့ ကောင်မလေးဖြစ်ချင်တာမဟုတ်ဘူး။" မင်းလွင်ဟာ အမြဲတမ်း စူပါဟီးရိုးဇာတ်ကားတွေထဲကလို အစွမ်းရှိဟီးရိုးတစ်ယောက် ဖြစ်ချင်သူပေါ့။ ဒါပေမဲ့ စိတ်ကူးက...