V2 Chapter 43

195 35 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 43 - ဝိညာဥ်အကဲဖြတ်ခြင်း

နောက်နေ့ရောက်တော့ ပုရွက်ဆိတ်ဘုရင်မနေတဲ့ဂူဆီကို မက်ဒါနာတို့အုပ်စုဟာ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့အတူ သွားခဲ့ပါတယ်။ နယ်စားကြီးလည်း ပါလာခဲ့တာပေါ့။

မက်ဒါနာက သူတို့နဲ့လိုက်လာတဲ့ မြန်မာဘုရင်ကို ကြည့်လိုက်တယ်။ ဒီ​ငနှဲက နည်းနည်းမိုက်ရူးရဲဆန်ပေမဲ့ သူ့စွမ်းအားက အသိအမှတ်ပြုရလောက်တဲ့ အဆင့်ရှိတယ်။ ဆုဗာနာဟာ နိုင်ငံငယ်တစ်ခုဖြစ်ပေမဲ့ အားမနည်းဘူး။ ဒီလိုနေရာမျိုးကိုတောင် အဖော်မပါဘဲ သူတစ်ယောက်တည်း လာရဲခဲ့ပါတယ်။

နယ်စားကြီးအဆိုအရတော့ ဒီဘုရင်ဟာ သူ့နိုင်ငံအတွင်းမှာ ပြိုင်ဖက်​ကင်းဖြစ်ပြီးတော့ ဘယ်အရာကိုမှ မကြောက်တတ်ပါဘူး။ နန်းစံနှစ် သုံးဆယ်ကျော်လာပေမဲ့ အသက်ကြီးလာတဲ့အရိပ်အယောင်မျိုး မရှိသလို မိဖုရားရယ်လို့လည်း တစ်ပါးမှမရှိပါဘူး။

တစ်နည်းအားဖြင့်တော့ လူပျိုသိုးဘုရင်ကြီးပါ။ ဒါကြောင့် သူ့ကိုမြင်မြင်ချင်း အရူးအမူးဖြစ်သွားတာ နားလည်ပေးလို့ရတယ်။

ဖရက်နဲ့သူရိယရာဇာတို့ကတော့ အကြည့်ချင်းရန်ဆောင်နေကြဆဲပါ။ ဆိုဖီယာက ဖရက်ရှိနေတာကို သိတာကြာပြီဆိုပေမဲ့ လူချင်းမျက်နှာချင်းဆိုင်တွေ့ဖူးတာက ပထမဆုံးအကြိမ်ပါ။ တခြားမိန်းကလေးတွေကတော့ အခုမှသိကြတယ်။

မနေ့ညက ဖရာလီတာဦးဆောင်ပြီး မက်ဒါနာရဲ့ဟာရမ်အဖွဲ့သားများအစည်းအဝေး ကျင်းပခဲ့ကြသေးတယ်။ ခေါင်းစဥ်ကတော့ မက်ဒါနာသာ ကောင်လေးတွေကို ကြိုက်တတ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ပါ။

မိန်းကလေးမပြောင်းခင်က မက်ဒါနာဟာ ဖြောင့်စင်းတဲ့ ယောကျ်ားလေးတစ်ယောက်လေ၊ ယင်ဖိုတောင် သန်းဖူးတာမဟုတ်ဘူး။ အခုတော့ မိန်းကလေးဖြစ်သွားပြီး အီနားရှားသဘောသဘာဝအရ ယောက်ျားလေးဖြစ်တုန်းကလိုပဲ မိန်းကလေးတွေကို စိတ်ဝင်စားနေတုန်းဆိုပေမဲ့ အရှိန်ကုန်ပြီး ပြောင်းလဲသွားရင်ရော။

ဘာပဲပြောပြော မိန်းကလေးတစ်ယောက်က ဖရက်လိုမျိုး ဝီစမစ်ချောချောပြီး မင်းသမီးလေးလို ဂရုစိုက်ပေးနေတဲ့ ကောင်လေးကို ကြိုက်မိတယ်ဆိုတာ အထူးအဆန်းတော့မဟုတ်ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now