V2 Chapter 42

203 38 3
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 42 - တင်မီဘုရင်ဗားရှင်း

မဟာသူရိယရာဇာက နယ်စားကြီးကို မထီမဲ့ပြင်ကြည့်လိုက်ပြီး ဟန်ပါပါနဲ့ ဘေးကနေ ဖြတ်လျှောက်တယ်။ နယ်စားကြီးကလည်း မြန်မာဘုရင်ဖြစ်သူက သူ့ကိုစတိုက်ခိုက်မလာတဲ့အတွက် လမ်းဖယ်ပေးပါတယ်။

ဒါပေမဲ့ ဆုဗာနာတိုင်းပြည်ရဲ့စောင့်ရှောက်သူတွေကတော့ မဟာသူရိယရာဇာကို အန္တရာယ်ကြီးတစ်ခုအလား ဂရုတစိုက်​စောင့်ကြည့်နေကြတယ်။ ဘုရင်က မက်ဒါနာရဲ့ရှေ့ကိုရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်။

"ကိုယ်က မြန်မာပြည်ကြီးရဲ့အရှင်သခင် မဟာသူရိယရာဇာ ဓိပတိပါ။ မင်းလေးကို ကိုယ့်ရဲ့မိဖုရားအဖြစ်ထားဖို့ ဆုံးဖြတ်ထားပြီးပြီ။ ဒါကြောင့် မင်းကိုယ့်ကို ထင်လင်းလို့ခေါ်လို့ရတယ်။ ကိုယ့်ရဲ့နာမည်အရင်းကို မိဖုရားတစ်ပါးကပဲ ခေါ်ခွင့်ရှိမှာ။"

မက်ဒါနာ သူ့စကားကို ဆုံးအောင်နားထောင်ပြီးတာနဲ့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးက အကြောအချဥ်တွေ ထောင်တက်လာတယ်။ အခုမက်ဒါနာက မိန်းကလေးဖြစ်နေပေမဲ့ စိတ်က ယောက်ျား​လေးစိတ်လေ။ ဖရက်လို အားကိုးရတဲ့အဆင်လေးကိုတောင် ပစ်ထားပြီးတော့ ကောင်မလေးတွေနဲ့ပဲနေနေတာ။ ဒါကို ဒီငနှဲက သူ့ကိုအပိုင်သိမ်းချင်သလိုလို လာလုပ်နေတာကိုး။

"သေပေတော့...." ပထမဆုံးအနေနဲ့ ငွေရောင်စစ်သည်ချပ်ဝတ်ထဲမှာ ရှိနေတဲ့ အေမီက သည်းမခံနိုင်တော့ဘဲ စတင်တိုက်ခိုက်လိုက်တယ်။ ငွေရောင်စစ်သည်ရဲ့ညာလက်သီးဖြောင့်က မဟာသူရိယရာဇာရဲ့မျက်နှာကို တည့်တည့်ကြီးတိုးဝင်လာတယ်။

ဒါပေမဲ့ သူက လက်ကိုသာသာလေးမြှောက်လိုက်ပြီး အဲဒီလက်သီးကိုဖမ်းဆုပ်လိုက်တယ်။ သူတို့နှစ်ယောက်ရပ်နေတဲ့ ခန်းမကြမ်းပြင်က အက်ကြောင်းတွေထလာတယ်။ အေမီက မက်ဒါနာမဟုတ်သလို ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့အစိတ်အပိုင်းတော်တော်များများက ပြန်ပြင်လို့မပြီးသေးပေမဲ့ လက်သီးမှာပါတဲ့အားက ဟာသတစ်ခုမဟုတ်ဘူး။ တော်ရုံလူတစ်ယောက်ဆိုရင် လက်တစ်ခုလုံးကြေမွပြီး သွေးအမှုန်နဲ့အသားစတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

I just Wanna be Hero not HeroineWhere stories live. Discover now