V2 Chapter 11

243 42 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V2 Chapter 11 - အမေ့သားက သမီးလေးဖြစ်နေပြီ

မက်ဒါနာက စွန့်ပစ်ဘူတာရုံကို သွားတဲ့လမ်းမှာ လီဆာကိုပါ ခေါ်လာခဲ့တယ်။ ဆိုဖီယာက အခုလိုခေါ်သွားဖို့အတွက် အကြံပေးခဲ့သူပါ။ "လီဆာနဲ့ အတူတူပဲ။"လို့ သူပြောခဲ့တယ်လေ။ ဆိုလိုတာက အဲဲဒီလူလုပ်မြူတန့်ကလည်း လီဆာလိုပဲ မြူတန့်သိပ္ပံအဖွဲ့ကနေ ထွက်ပြေးလာသူ ဖြစ်နေမလား။

ငွေရောင်ချပ်ဝတ်ဝတ်ဆင်ထားတဲ့ စစ်သည်တော်က ရပ်ထားတဲ့ ရထားတွဲအဟောင်းတွေကိုမြင်တော့ ရပ်လိုက်တယ်။ ဒီနေရာမှာ သစ်ရွက်ခြောက်အ​​ဟောင်းတွေရှိနေပြီး လူမနေတော့တဲ့ ပုံစံမျိုးဖြစ်နေပေမဲ့ မီးဖိုထားတဲ့ နေရာတချို့ကို တွေ့မြင်ရပါတယ်။ ဒါကြောင့် သက်ရှိလက္ခဏာရှိတယ်လို့ ပြောရမှာပါ။

ဆေလာစတိန်းကလည်း ရထားတွဲတွေကြားထဲကို ထိုးဟောင်လိုက်တယ်။ သူတစ်ခုခုတွေ့ထားပုံပဲ။ မက်ဒါနာကလည်း လီဆာကိုကြည့်ပြီး မေးလိုက်ပါတယ်။

"လူတွေရှိနေတာလား။" မက်ဒါနာရဲ့အမေးကြောင့် လီဆာလည်း ခေါင်းညိတ်ပြပါတယ်။ လီဆာရဲ့အရေပြားပေါ်မှာ ပုတ်သင်ညိုအကြေးခွံတချို့ကို တွေ့နိုင်ပါတယ်။ ဒါက သွေးအေးသတ္တဝါတွေရဲ့ဗီဇအာရုံတစ်ခုဖြစ်တဲ့ အပူအာရုံခံနိုင်စွမ်းကို အသုံးပြုနေလို့ပါ။ လီဆာက မျက်စိကိုမှေးထားလိုက်ပြီး သူ့အရေပြားတွေကို အာရုံစိုက်လိုက်တယ်။ အတော်ကြာမှ ပြန်ဖြေပါတယ်။

"အင်း... ရထားတွေရဲ့အကျော်မှာ ဘူတာရုံအစောင့်အိမ်လေးရှိတယ်။ အဲဒီထဲမှာ အသွင်ပြောင်းမြူတန့်တစ်ယောက်ရဲ့အော်ရာနဲ့ လူတချို့ကို အာရုံခံမိတယ်။"

မက်ဒါနာလည်း ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ဆက်သွားလိုက်တယ်။ ရထားကွန်တွန်နာတစ်ခုကိုကျော်တော့ ဆိုဖီယာပြောတဲ့ အသွင်ပြောင်းမြူတန့်တွေနဲ့ အတူရှိနေတယ်ဆိုတဲ့ 'အပြစ်သားမှော်ဆရာများ' မြူတန့်အဖွဲ့ငယ်လေးရဲ့အဖွဲ့ဝင်တစ်ယောက်နဲ့ ပထမဆုံး ရင်ဆိုင်လိုက်ရတယ်။

အနက်ရောင်ဝတ်ရုံခြုံထားတဲ့ မျက်မှန်ဝိုင်းကလေးတပ်ထားတဲ့ ကောင်မလေးတစ်ယောက်က ဘူတာရုံနားမှာရှိတဲ့ မီးသတ်ရေဘုံဘိုင်ကနေ ရေဖြည့်ပြီး ရေပုံးကို ဆွဲလာတာပါ။ ငွေရောင်စစ်သည်တော်နဲ့ အသွင်ပြောင်းမြူတန့်တစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရတော့ လန့်သွားပြီး ရေပုံးကို ပစ်ချမိလိုက်တယ်။ ရေတွေအကုန်လုံး သူ့အင်္ကျီပေါ်ကို တက်စင်သွားလို့ မျက်မှန်လည်းဝါးသွားပြီး ဘာမှမြင်ရတော့ပုံမပေါ်ဘူး။

I just Wanna be Hero not HeroineWhere stories live. Discover now