စာစဥ် ၇၃ : အပိုင်း ၁၈
အပိုင်း ၁၄၂၈ : ကြမ္မာပန်းတိုင် ခေါင်းလောင်း၏ တတိယ ပုံစံ
လင်းဖုန်း၏ အသံသည် နူးညံ့ ညင်သာသော်လည်း သူ၏ စကားများသည် မူလနဂါး ဘုရင်အား ပင့်သက်ရှိုက်စေခဲ့ကာ သူ၏ လည်ပင်း အတွင်းမှ လေများ ထိုးတက်လာ၍ သူ၏ တစ်ကိုယ်လုံးက စိမ့်ကနဲ ဖြစ်သွားသည်ဟု ခံစားခဲ့ရသည်။
လင်းဖုန်း၏ ထူးခြား ဆန်းကြယ်သော ဓားသည် သူ့အပေါ်သို့ ခုတ်ချလာသော အခါ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အသည်းအသန် ထုတ်ဖော်ထားသော အကာအကွယ် မှော်ကျိန်စာများသည် ပျက်စီးသွား၍ သူ့ကိုယ်ပေါ်တွင် ရှည်လျားလှသော ကြည့်ရဆိုးသည့် ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။
ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတသည် သူမ၏ မြေကြီးဖြိုခွဲ လည်ပတ်ခြင်း ဝင်္ကပါအား လည်ပတ်လိုက်၍ သေမင်းဧကရာဇ်သည် သူ၏ အနက်ရောင် အရံအတားအား အသက်သွင်းလိုက်ကာ အောက်သို့ ကျဆင်းလာပြီး လင်းဖုန်း၏ ဓားအလင်းတန်းအား အပေါ်မှ တစ်ပြိုင်နက် ဖိထားခဲ့ကာ ရှေ့မတိုးနိုင်အောင် တားဆီးထားခဲ့သည်။
သို့သော်လည်း လင်းဖုန်း၏ ဓားအလင်းတန်းတွင် မရေမတွက်နိုင်သော ထူးခြား ဆန်းကြယ်သည့် သဘောတရားများ ပါဝင်နေ၍ မြေကြီးဖြိုခွဲ လည်ပတ်ဝင်္ကပါနှင့် အနက်ရောင် အရံအတားတို့၏ စွမ်းအားများကို တိုက်စားခဲ့သည်။
မြေကြီးဖြိုခွဲ လည်ပတ်ဝင်္ကပါသည် ကြီးမားလှသော ရုပ်ကိုယ်ခန္ဓာ စွမ်းအားများကို ပိုင်ဆိုင်ထားသော ခွန်းဖန်၊ ရွှမ်းဝူ၊ ရှေးပဝေသဏီ နတ်နဂါးနှင့် ကောင်းကင်မိစ္ဆာ လူဝံ အစရှိသော မိစ္ဆာ မျိုးနွယ်စု လေးခုတို့၏ မိစ္ဆာ စွမ်းအားများကို ထုတ်ဖော်ခဲ့ကာ ကောင်းကင်ကို ခြေမွနိုင်သည့် ကြီးစိုး လွှမ်းမိုးနိုင်၍ ခမ်းနားထည်ဝါသော ခွန်အား တစ်ခုကို ထုတ်ဖော်ခဲ့သည်။ သူသည် လင်းဖုန်း၏ ဓားအလင်းတန်းအား ဖိနှိပ်ထားကာ သူ၏ အရှိန်အဟုန်ကို နှေးကွေးစေခဲ့သည်။
သို့သော်လည်း လင်းဖုန်းသည် သူ၏ ဓားအား အပြင်သို့ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းသည် မဟာကမ္ဘာ တစ်ခုလုံး၏ အလေးချိန်အား သယ်ထားရသကဲ့သို့ မယုံနိုင်လောက်အောင် လေးလံ သိပ်သည်းလာခဲ့သည်။ ဤအလေးချိန်သည် နံပါတ်များဖြင့် ရေတွက်၍ မရသလို ကိုင်တွယ်၍ရသော မည်သည့် ပစ္စည်းနှင့်မှလည်း နှိုင်းယှဥ်၍ မရချေ။ မဟာကမ္ဘာ တစ်ခုလုံးသည် နေရာတစ်ခုတည်းထံသို့ ပြိုကျလာသကဲ့သို့ ခံစားနေရသည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...