စာစဥ် ၅၈ : အပိုင်း ၇
အပိုင်း ၁၁၁၇ : ခေါင်းကို ဖုံးထားသော်လည်း အမြီးက ပေါ်နေသည်
ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်တို့၏ မဆုံးမရှိသော ပြောင်းလဲမှုများကြောင့် သဘာဝ ဖြစ်ရပ်များမှ မွေးဖွားလာ၍ ရှုပ်ထွေးကာ ထူးခြားဆန်းကြယ်သော ဝင်္ကပါများ ရှိနိုင်သည်။
ထိုရှေးဟောင်း ဝင်္ကပါများသည် လူသားနှင့် မိစ္ဆာ ကျင့်ကြံသူများ၏ မျိုးဆက်တလျှောက် လက်ဆင့်ကမ်းလာကြသည့် ဝင်္ကပါများနှင့် ကြီးမားစွာ ကွဲပြားကြသည်။ ဂိုဏ်းနှင့် မျိုးနွယ်စု အများစုတို့၏ မှော်ဝင်္ကပါများသည် ဤရှေးဟောင်း ဝင်္ကပါများမှ အတွေးအမြင်များ ရရှိခဲ့ပြီး တဖြည်းဖြည်းနှင့် လက်ရှိပုံစံ ဖြစ်လာကြခြင်း ဖြစ်သည်။
လူသား ကျင့်ကြံသူများနှင့် မိစ္ဆာ မျိုးနွယ်စုတို့၏ မကြာခဏ ဖြစ်ပွားသော ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် သဘာဝ ဖြစ်စဥ်များမှ ပေါ်လာသည့် ရှေးဟောင်း ဝင်္ကပါများသည် အတော် ရှားသွားကြပြီ ဖြစ်သည်။ ယခုကဲ့သို့ ပြီးပြည့်စုံသည့် ဧရာမ ရှေးဟောင်းဝင်္ကပါနှင့် ယင်ကျိုးနတ်တောင် အပေါ်မှ ပုံရိပ်ယောင် ဝင်္ကပါတို့သည် မရှိသလောက် ဖြစ်နေကြပြီ ဖြစ်၏။
အကယ်၍ ဤကဲ့သို့ ရှေးဟောင်းဝင်္ကပါမျိုးသည် ယနေ့ထက်တိုင် ရှင်သန်နေသေးလျှင် ဖြစ်နိုင်ခြေမှာ တစ်စုံတစ်ယောက်က သူ့အား ရည်ရွယ်ချက် ရှိရှိဖြင့် ထိန်းသိမ်း စောင့်ရှောက်နေခြင်း သို့မဟုတ် ရှေးဟောင်းဝင်္ကပါ ကိုယ်တိုင်က ဖုံးကွယ်မှုနှင့် သယ်ယူပို့ဆောင်မှု စွမ်းရည်များ ရှိကာ မရေမတွက်နိုင်သော သဘာဝ ပုံသဏ္ဌာန် အကြားတွင် ပုန်းအောင်နေနိုင်ပြီး မည်သူ၏ ရှာတွေ့ခြင်းကိုမှ မခံရခြင်းကြောင့် ဖြစ်နိုင်သည်။
ယခုအချိန်တွင် ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများ၏ အရှေ့တွင် သဘာဝ ရှေးဟောင်းဝင်္ကပါ တစ်ခုက ပေါ်လာပြီ ဖြစ်သည်။ ထို့အပြင် သူသည် ကြီးမား၍ ရှုပ်ထွေးကာ အလွန်ပင် လျှို့ဝှက် ဆန်းကြယ်လွန်းသည်။
မြင်နေကျ မှော်ဝင်္ကပါများနှင့် မတူပဲ သူ၏ အရှေ့တွင် ရှုပ်ထွေးနေသော နက်နဲသည့် ဝင်္ကပါ သင်္ကေတများ ရှိမနေချေ။ ထို့အစား သူ့တွင် ကြယ်စင် နဂါးငွေ့တန်း တစ်ခုကဲ့သို့ အလင်းစက် များစွာတို့က စုစည်းနေခဲ့သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၅) End (Unicode)
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...