အခန်း (၂၂၈) – သမီးယောင်းမတွေ စကားစမြည်ပြောဆိုကြခြင်း
ဒီနှစ် နှစ်သစ်ကူး အကြိုညစာကို အတူတူ မစားခဲ့ကြပေမယ့် ကျိုးလျှို့နီကတော့ အိမ်မှာ ဒီအကြောင်းကို ပြောနေတုန်းပါပဲ။
“ငါတို့ မနှစ်တုန်းက အတူတူ စားရတယ် မဟုတ်လား။ ဘာဖြစ်လို့ ဒီနှစ်ကျ အတူတူ မစားရတော့တာလဲ။” ကျိုးလျှို့နီက ပြောသည်။
“ဒီအကြောင်းကို မပြောနဲ့လေ။ မနှစ်က နင့်အပြုအမူကို ပြန်ကြည့်စမ်းပါဦး၊ ဘယ်သူမဆို ကြောက်လန့်သွားမှာ အမှန်ပဲလေ။ နင်နဲ့အတူစားသောက်ဖို့ ဘယ်သူမှ ဆန္ဒရှိမှာ မဟုတ်ဘူး။” ကျိုးရှားက ပြောလိုက်သည်။
ကျိုးလျှို့နီက စိတ်ဆိုးသွားသည်၊ “နင် ဘာတွေ ပြောနေတာလဲ။ နင်ရော မနှစ်က လျှော့စားခဲ့လို့လား။ ပြီးတော့ နှစ်သစ်ကူးအကြိုညစာစားရုံလေးပဲ မဟုတ်လား။”
ကျိုးရှားသည် သူမနှင့် အဓိပ္ပါယ်မရှိ စကားမများချင်တော့ဘူး။ သူက စားသောက်ပြီးနောက် ကစားဖို့ရန်အတွက် လောင်အာ့ကို သွားရှာခဲ့သည်။
ခဏအကြာတွင် လင်းချင်းဟယ် ရောက်လာခဲ့သည်။ သူမသည် သကြားလုံးတစ်ထုပ် ယူလာခဲ့ပြီး သူမ၏ တူတွေ တူမတွေအား ခွဲဝေပေးခဲ့သည်။ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဒါက လောကဝတ်တစ်ရပ်ပင်။“စတုတ္ထဒေါ်လေး၊ ဒီနှစ် ကျိုးအိမ်ဟောင်းမှာ ဘာဖြစ်လို့ လာမစားတာလဲ။” ကျိုးလျှို့နီက သကြားလုံးယူပြီးနောက် မေးမြန်းခဲ့သည်။
“လူတွေ အရမ်းများတယ်။ လူတိုင်း ကိုယ့်အစားအသောက် ကိုယ်စားတာပဲ ကောင်းပါတယ်။” လင်းချင်းဟယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေသည်။
တကယ်ဆို ဒါက လျှို့နီကြောင့်သာ...
မေ့လိုက်ပါ၊ ဒါက သူမ သမီးလည်း မဟုတ်ဘူး။ သူမက ကြွက်တွေကို ခြောက်လှန့်ဆုံးမတတ်တဲ့ ဆူညံတဲ့ ခွေးတစ်ကောင် မဖြစ်ချင်ဘူး။
ကျိုးလျှို့နီက ပြောသည်၊ “သမီးတို့မိသားစုက ဒီနှစ်မှာ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ပြင်ဆင်ထားတယ်။ အတူတူစားရင် လူတိုင်း ဝေမျှစားသောက်လို့ ရတာပေါ့။”