အခန်း (၂၅၁) - မိတ်ဆွေသူငယ်ချင်းဆက်ဆံရေး
“အဖေ၊ မီးဖိုချောင်က သေးသေးလေးရယ်၊ အဖေ အထဲမှာ ဘာဝင်လုပ်နေတာလဲ။” သူ့ညီအစ်ကိုတွေနဲ့ အပြင်ကနေ ပြန်လာသည့် လောင်အာ့က မီးဖိုချောင်ထဲမှာ သူတို့မိဘနှစ်ပါးကို မြင်တော့ ထိုသို့ လှမ်းမေးလာသည်။
“နင် တော်တော်လေး ပျင်းရိနေတယ်လို့ ငါထင်တယ်၊ နင် နင့်အဖေနဲ့ လေ့ကျင့်ခန်း အတူလုပ်ချင်နေတာလား။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး လှမ်းပြောသည်။
“အမေ၊ သားက အမေ့သားအရင်းပါ။ အမေက ဘာဖြစ်လို့ သားဖက်က မပါရတာလဲ။” လောင်အာ့က ချက်ချင်း ကန့်ကွက်လိုက်သည်။
“ငါက နင့်အဖေရဲ့ ဇနီးသည်လည်း ဖြစ်နေသေးတယ်လေ။ နင့်အဖေနဲ့ ငါက အရင်းနှီးဆုံးပဲ။ နင်က ငယ်သေးတော့ ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးတာ လက်ခံနိုင်ပါတယ်။ အခု နင်လည်း အရွယ်ရောက်လာပြီ ဆိုတော့ ငါနဲ့ နင်တို့အဖေကြားက အချစ်စစ်ကို နင်တို့တွေ တမင်သက်သက် မမြင်ချင်ယောင်ဆောင်နေတာလား။” လင်းချင်းဟယ်က ပြောသည်။
“အရမ်းချွဲလွန်းတယ်။ နားမထောင်နိုင်တော့ဘူး။” လောင်စန်းသည် သူ့ခန္ဓာကိုယ်ရှိ ကြက်သီးလေးများအား လက်ဖြင့် ဖိပွတ်ရင်း ကြီးကြီးကျယ်ကျယ် ပြောဆိုလိုက်သည်။“ဟုတ်တယ်၊ အမေက အဖေ့ကို ဝန်ခံချစ်စကား ပြောနေတာလား။” လောင်အာ့က မေးသည်။
“ဒါကို ပြောစရာလိုသေးလို့လား။ သူတို့က အမြဲတမ်း ချစ်ကြင်နာနေကြတာပဲ။” လောင်စန်းက ပြောသည်။
“ချစ်ခင်ကြင်နာတာ ကောင်းတာပေ့ါ။ အဖေ၊ အခု အမေက အိမ်ကို ပြန်ရောက်နေပြီဆိုတော့၊ သား အမေ့ကို အဖေ့လက်ထဲ ပြန်အပ်လိုက်မယ်။ ကျောင်းတတ်တုန်းကဆို သားက ကျောင်းမှာ အကာအကွယ်ပေးလွန်းလို့ ကျောင်းက အပြစ်ပေးတာ ခံရလုနီးပါးပဲ။ သား တော်တော် ပင်ပန်းခဲ့တာ။” ကျိုးလောင်တ (ခ) ကျိုးခိုင်က ပြောသည်။
“ဘာဖြစ်ခဲ့လို့လဲ။” ကျိုးချင်းပိုင်က သူ့ကို လှည့်ကြည့်သည်။
“အဟမ်း၊ ပြီးပြီးသားကိစ္စတွေကို ဒီအတိုင်းပဲ ထားလိုက်ပါတော့။ ဘာဖြစ်လို့ ပြန်ပြောနေမှာလဲ။” လင်းချင်းဟယ်က သူမသားအကြီးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။