အခန်း(၃၂၅) - လူတွေကို မနာလိုဖြစ်အောင်လုပ်ခြင်း
"သားတို့ရဲ့ တတိယအဒေါ်က ဒီနှစ်တွေထဲမှာ အရမ်း သဘောကောင်းနေတယ်နော်။” ဟုလင်ချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"သား ဒီကိုလာတုန်းက အကြီးဆုံးအဒေါ်က လမ်းမှာစားဖို့ ဆိုပြီးတော့ ပန်ကိတ်တွေလည်း လုပ်ပေးလိုက်သေးတယ်။" ဟု ကျိုးခိုင်က ထပ်ပြောသည်။
"သားတို့အကြီးဆုံးအဒေါ်က သားတို့ ငယ်ငယ်လေးကတည်းက သားတို့ကို အမြဲတမ်း သေသေချာချာ ပြုစုလာခဲ့တာ။" ဟု လင်ချင်းဟယ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
အခြားဘာကိစ္စမှ မရှိတော့သဖြင့် သားကြီးကို စာသွားလုပ်ခိုင်းလိုက်သည်။ ကျိုးလျှို့နီအကြောင်းကိုတော့ ဆက်မပြောတော့ချေ။
"ကျွန်မတို့မိသားစုပြဿနာကို ရှေ့လျှောက် ကျွန်မပဲ ဆုံးဖြတ်တော့မယ်။” ဟု ညဘက်တွင် လင်ချင်းဟယ်က ကျိုးချင်းပိုင်ကို တီးတိုးပြောလိုက်၏။
ကျိုးချင်းပိုင်ရယ်မောလိုက်မိပါသည်။ မိသားစုပြဿနာကို အမြဲတမ်း သူမပဲ
ဆုံးဖြတ်ခဲ့တာ မဟုတ်ပေဘူးလား။"ဒီတစ်ခေါက်တော့ ရှင်ကောင်းကောင်းလုပ်ခဲ့တာပဲ။ လျှို့နီကို အိမ်ပြန်ပို့မှာကို ရှင်တားမယ်ဆိုရင် ကျွန်မတို့မိသားစု အေးချမ်းဖို့ စိတ်မကူးနဲ့တော့။" ဟု လင်ချင်းဟယ် လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"ကိုယ့်ကို ဆုမပေးတော့ဘူးလား။" ကျိုးချင်းပိုင်က သူမအား ငေးကြည့်လိုက်သည်။
သူ့မျက်နှာအနေအထားကို ကြည့်ပြီး လင်ချင်းပိုင်က ဘာကိုဆိုလိုချင်တာမှန်း နားလည်သဖြင့် ချောင်းဟန့်လိုက်ပြီး "ကဲမနေနဲ့။ ရှင် မနက်ဖြန် စောစောထရမှာမလား။" ဟု ပြောလိုက်သည်။
မနက်စောစော ထရမည်ဆိုရင်တောင် ကျိုးချင်းပိုင် ကဲချင်ပါသေးသည်။ ပွဲမပြီးခင် နှစ်ခါလောက် ကဲပြစ်လိုက်ချင်သေးသည်။ ရှေ့လျှောက် သူမတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု သူ ရက်ရက်ရောရော ပြောခဲ့သည် မဟုတ်ပါလား။
"လူဆိုးကြီး လူတွေကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာပဲ သိတယ်။" လင်ချင်းဟယ်က သူ့ကို ချွဲချွဲနွဲ့နွဲ့ဖြင့် ငြင်သာစွာ လက်ဖြင့် အသာထုရိုက်လိုက်သည်။ ထို့နောက် သူမသည် ချင်းပိုင်၏ခါးကို သိုင်းဖက်ပြီး သူ့ကိုယ်သင်းနံ့လေးအား အသက်ရှုသွင်းရင်း အိပ်ပျော်သွားခဲ့သည်။