အခန်း(၃၈၈) မှောင်ခိုစျေးတွင် ကုန်ပစ္စည်းများ ရှင်းထုတ်ခြင်း
ကျိုးချင်းပိုင်က ထိုစကားကို ဘယ်လိုပြန်ဖြေရမှန်းမသိပါ။
သူက ထိုကဲ့သို့ မိသားစုကိစ္စများကို ကိုင်တွယ်သည့် နေရာတွင် မတော်သဖြင့် ဘာမှ ပြန်မပြောခဲ့ပါ။
လင်းချင်းဟယ်ကလည်း သူ့တုံ့ပြန်မှုကို မလိုအပ်သဖြင့် ဆက်ပြောခဲ့သည်။ "ကြည့်ရသလောက်တော့ ဒီလီအိုက်ကော်က သိပ်လည်း မဆိုးပါဘူး။ ဒီတိုင်း အပြင်လောကနဲ့ ဆက်သွယ်ထားတဲ့ လမ်းက ကျဥ်းနေရုံလေးပဲ ပြောစရာရှိတယ်။ ဒါက သတိမထားမိရင် တောင်အောက် ပြုတ်ကျသွားနိုင်တယ်။"
လင်းချင်းဟယ်၏ ခေါင်းထဲတွင် ဘူးသီးညီအစ်ကိုများ ကာတွန်းကားထဲမှ ဘိုးဘိုးကြီး၏ တောင်ထိပ်ရှိ ကြမ်းတမ်းမက်စောက်သော လမ်းကို မြင်ယောင်လာသည်။ အမှန်တကယ်ပင် အန္တရာယ်များလှပါသည်။
"မနက်ဖြန် အဲ့ဒီကို သွားကြည့်ကြမလား။" ဟု ကျိုးချင်းပိုင်က မေးလိုက်သည်။
"ကောင်းပြီ" လင်းချင်းဟယ်က ဘာမှလုပ်စရာလည်း မရှိသဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
လင်မယားနှစ်ယောက်သား ပျင်းရိနေကြသည်။ နောက်တစ်နေ့မနက် အကြီးဆုံးမရီး၏ အိမ်တွင် မနက်စာ သွားစားကြပြီးနောက် တကယ်ပဲ လီအိုက်ကော်တို့ဘက်ကို ထွက်လာခဲ့ကြသည်။
လမ်းလျှောက်မည်ဆို တစ်ရက်နီးပါးကြာမည်ဖြစ်သည်။ သို့သော်လည်း မော်တော်ဆိုင်ကယ် တစ်စီးနှင့်ဆိုလျှင်တော့ မနက် ၇နာရီမှ စထွက်လာလျှင် ၁၁ နာရီမထိုးခင် ရောက်လိမ့်မည်။
သူတို့ မြို့ထဲသို့ ရောက်သောအခါ လီအိုက်ကော်ရွာ ဘယ်မှာရှိမှန်း လိုက်မေးခဲ့ကြ၏။
အမှန်တကယ်ပဲ တောင်တွေကြားထဲက ရွာလေးတစ်ရွာဖြစ်ပါသည်။
အန္တရာယ်များသော တောင်လမ်းကို ရွေးပါက တကယ်ပဲ တိုတောင်းလှသော ခရီးဖြစ်သည်။ ရွာသို့ ၂ နာရီလောက်နှင့် ရောက်နိုင်ပါသည်။
သို့သော်လည်း အခြားလမ်းတစ်ခု ရှိနေသေး၏။ တောင်များနှင့် တောင်ကြောများကို ရှောင်သွားရသော လမ်းဖြစ်၏။ အလွန်ရှည်လျားသောခရီးဖြစ်သည်။ ရွာမှ လမ်းလျှောက်လျှင် ၄ နာရီခန့်ကြာသည်။ နေ့တစ်ဝက်နီးပါးလောက်ရှိမည်။