အခန်း (၂၃၁) - ဘိုးဘေးများ၏ ကြည့်ရှုစောင်မမှု
လင်းချင်းဟယ်က သဘာဝအားဖြင့် မတွန့်တိုချေ။ သူမက လောင်တ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် ကြက်တစ်ကောင်ကို သတ်လိုက်သည်။ သူမအတွက်လည်း ပါ၏။
ကောလိပ်ဝင်ခွင့်အတွက် ပြန်လည် ပြင်ဆင်နေသော်လည်း လင်းချင်းဟယ်က ဆက်လက်သင်ကြားနေဆဲ ဖြစ်သည်။ သူမပါ ကောလိပ်ဝင်ခွင့်ကို ဝင်ရောက်ဖြေဆိုမှာကို မည်သူမျှ မသိကြချေ။
လင်းချင်းဟယ်က ကောလိပ်ဝင်ခွင့်အတွက် လောင်တနှင့်အတူ သွားခဲ့သော်လည်း အားလုံးက သူနှင့်အတူ လိုက်သွားသည်ဟုသာ ထင်ကြသည်။
လောင်တက အရပ်ရှည်သော်လည်း သူသည် ၁၃နှစ်သာ ရှိသေးသည်။
သည်၁၃နှစ်သားကောင်လေးက ၁.၇၅မီတာ (၅ပေ ၇လက်မ)အထိ အရပ်ရှည်နေပြီဖြစ်ကာ လင်းချင်းဟယ်ထက် ခေါင်းတစ်ဝက်စာ ပိုရှည်သွားပြီဖြစ်သည်။
လင်းချင်းဟယ်၏ ဂရုစိုက်မှုနှင့် ကျိုးချင်းပိုင်၏ တိုက်ခိုက်ရေးသင်ကြားပေးမှုတို့ကြောင့် သူ၏ ကြီးထွားမှုနှုန်းက အလွန်မြန်သည်။ သူသည် ၁၇နှစ် ၁၈နှစ်ဟုပင် ဆိုလျှင်ပင် ယုံလောက်ပေသည်။
ကောလိပ်ဝင်ခွင့်နေ့တွင် ကျိုးချင်းပိုင်ပါ လိုက်လာပြီး သားအမိ၊ သားအဖတွေ အတူတူ သွားကြလေသည်။ သူတို့က စက်ဘီးနှစ်စီး စီးသွားကြ၏။
လောင်တက သူ့ဘာသာသူစီးသည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ထံတွင် စီး၏။ သူတို့က မြို့တွင် စာမေးပွဲသွားဖြေလေသည်။လင်းချင်းဟယ်က စာမေးပွဲခန်းထဲသို့ လောင်တနှင့်အတူ ဝင်သွားချိန်တွင် ကျိုးချင်းပိုင်က အပြင်ဘက်တွင် စောင့်နေလေ၏။
စာမေးပွဲခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် လင်းချင်းဟယ်နှင့် လောင်တက ရင်းနှီးနေသော မျက်နှာများနှင့် တွေ့ဆုံလိုက်ရလေသည်။
ချန်ရှန်းနှင့် တခြားသော ပညာတတ်လူငယ်များဖြစ်သည်။ သူတို့ကလည်း လင်းချင်းဟယ်နှင့် လောင်တကို တွေ့လိုက်ရသည်။
လင်းချင်းဟယ်တို့ သားအမိကို တွေ့လိုက်သည့်အခိုက် သူတို့မျက်နှာများက ရုပ်ဆိုးသွားကြလေသည်။ ယခုတစ်ကြိမ် ဝင်ခွင့်စာမေးပွဲသည် တပ်သားတစ်ထောင်က သစ်လုံးတံတားကို ဖြတ်သည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။