အခန်း (၂၆၁) – ကောင်းမွန်သော ဆက်ဆံရေး
နောက်တစ်နေ့၊ ဝမ်လီ၏ အမျိုးသားနှင့် ကလေးလေး ရောက်လာခဲ့သည်။
ဝမ်လီသည် ခွင့်တစ်ရက်သာ ယူခဲ့သည်။ သားအဖနှစ်ယောက်ဟာ တစ်ညအိပ်သာ တည်းခိုခဲ့ကြသည်။ ထိုနေ့တွင် ဝမ်လီက အိပ်ဆောင်သို့ ပြန်မအိပ်ပေ။ သူမသည် သူတို့နှင့်အတူ တည်းခိုခန်းသို့ လိုက်သွားခဲ့သည်။ နောက်ဆုံးတော့ သူတို့ တစ်ရက်သာ တွေ့ခဲ့ရသည်။
သားအဖနှစ်ယောက် ပြန်သွားသောအခါတွင် ဝမ်လီသည် စိတ်ဓာတ်ကျသွားသည်။
“ဘာစိတ်ဓာတ်ကျစရာရှိလို့လဲ။ နင် မကြာခင် ဘွဲ့ရတော့မှာ။ နင်ဘွဲ့ရပြီးရင် နင်တို့မိသားစု နေ့တိုင်း အတူတူရှိနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ရယ်ကာမောကာ ပြောလိုက်သည်။
လင်းချင်းဟယ်က စနောက်ကျီစယ်နေတော့ ဝမ်လီတစ်ယောက် ပြုံးရယ်သွားသည်။
လင်းချင်းဟယ်က သူမကို ပခုံးချင်း တိုက်ပြီး ဆက်လက် ကျီစယ်ခဲ့သည်၊ “နင့်မျက်လုံးအောက်က အမည်းကွင်းတွေကို ကြည့်ပါဦး။ မနေ့ညက နင် တစ်ညလုံး မအိပ်ခဲ့ရမှာကို ငါ စိုးရိမ်မိတယ်။”
ဝမ်လီရဲ့ မျက်နှာဟာ ချက်ချင်းပင် နီမြန်းသွားခဲ့သည်။ သူမက ချောင်းခြောက်ဆိုးပြီး “ရဲဘော် လင်းချင်းဟယ်၊ နင့်အတွေးတွေက မဖြူစင်ဘူး။”
“ငါက မဖြူစင်ဘူး။ နင်က အဖြူစင်ဆုံးပါ။” လင်းချင်းဟယ်က ရယ်မောလိုက်သည်။
ဝမ်လီတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ သူမရဲ့ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့သည်။
လင်းချင်းဟယ်က အရမ်းစိတ်လှုပ်ရှားသွားသည်။သူမ အခင်ဆုံးသူငယ်ချင်းရဲ့ အမျိုးသားနဲ့ ကလေးဖြစ်လို့ သူမ သူတို့နဲ့ ရင်းနှီးဖို့ ခဏလောက် သွားတွေ့ခဲ့ဖူးသည်။
ဝမ်လီ၏ အမျိုးသားသည် ဝက်ဝံနက်နှင့်တူသည်။ ပုံပန်းသဏ္ဍာန်နှင့် အရွယ်အစား ကြီးမားသည်။ အရပ် ၅ပေ ၉လက်မခန့်ရှိပြီး ကျိုးချင်းပိုင်ထက် သိပ်မပုပေ။
တကယ်တော့ လင်းချင်းဟယ်ရဲ့အမြင်အရ သူက ဝမ်လီနဲ့ သိပ်မတန်ဘူး။