အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု

312 36 0
                                    

စာစဥ် ၄၈ : အပိုင်း ၄

အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၏ ဝေဝါးနေသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်ဟု ထင်နေရသည်။ "သိပ်မကြာသေးခင်ကပဲ ဟင်းလင်းပြင် ဘုရားကျောင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြပါစေလို့ ငါတို့က မမျှော်လင့်ခဲ့ဖူးဘူးလား"

လုံရဲ့က ပြောလိုက်သည်။ "ကမ္ဘာနှစ်ခုအကြားက စစ်ပွဲက တကယ်ဖြစ်ပွားခဲ့ရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကလည်း ဝင်ပါလာမှာပဲ.. အဲ့ဒီအချိန်ကျရင် ကျွန်မတို့က သူတို့နဲ့ ရင်ဆိုင်ရမှာပဲ.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ စွမ်းအားတွေဟာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေသလို သူ့တပည့်တွေကလည်း အတူတူပဲ"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ခေါင်းညိတ်လိုက်သည်။ "ဒါကြောင့်ပဲ ငါတို့နဲ့ တခြား မိစ္ဆာမျိုးနွယ်စုတွေ အတွက် အချိန်က အဓိက အဆီအနှစ် ဖြစ်တယ်.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ကြီးထွားလာတဲ့ အမြန်နှုန်းဟာ အားလုံးတို့ရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်သွားခဲ့ပြီး စွမ်းအားမျှခြေတွေကို ကမောက်ကမ ဖြစ်စေခဲ့တယ်"

"ဒါပေမဲ့ ငါတို့ မိစ္ဆာတွေနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို နှိမ်နင်းဖို့ ရွှေရောင် အခွင့်အရေးကို ကျော်လွန်သွားခဲ့ပြီးပြီ.. အခုအချိန်မှ ကြိုးစားခဲ့ရင် ကျန်တဲ့သူတွေက ဝင်ပြီးမှ အမြတ်ထုတ်သွားလိမ့်မယ်"

လုံရဲ့က သူမ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ "ဒါပေမဲ့ ဆရာ.. ကျွန်မတို့က ဒီအတိုင်းထားလိုက်ရင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ပိုပိုပြီးမှ သန်မာလာလိမ့်မယ်"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက သူမ၏ တည်ငြိမ်အေးဆေးသော လေသံကို ဆက်လက် ထိန်းသိမ်းထားဆဲ ရှိသေးသည်။ "မင်းပြောတာ မှန်တယ်.. ဒါကြောင့်မို့ ငါတို့က သင့်တော်တဲ့ အခွင့်အရေး တစ်ခုကို စောင့်ရမယ်.. ရွှေပုစဥ်း ဆရာတော်က ဒီလိုမျိုး အခွင့်အရေးကောင်း တစ်ခုပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now