အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း

257 27 0
                                    

စာစဥ် ၅၅ : အပိုင်း ၂

အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း ဒါတွေသည် ဖြေရခက်သော မေးခွန်းများ ဖြစ်သည်

ယခုအချိန်တွင် လင်းဖုန်း၏ အရှေ့တွင် ပါရမီ ဇန်မာစတာသည် ယခင်က တခုန်း ဇန်မာစတာကဲ့သို့ သူ၏ ရွှေရောင်ပုံစံကို ထုတ်ဖော်လိုက်သည်။

သူသည် ရွှေရောင် ဗုဒ္ဓဆင်းတုတော် တစ်ခုအဖြစ်သို့ ပြောင်းသွားကာ သူ၏ ခန္ဓာကိုယ်မှနေ၍ ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်လာသည်။

သို့သော်လည်း သူ၏ ရွှေရောင် ခန္ဓာကိုယ် အပေါ်တွင် ပင့်ကူအိမ်များကဲ့သို့ အက်ကွဲကြောင်းများစွာ ရှိနေသည်။ သို့သော်လည်း သူတို့သည် တနင် ဇန်မာစတာကဲ့သို့ မဆိုးဝါးပေ။

သို့ရာတွင် ပါရမီ ဇန်မာစတာ၏ စိတ်အခြေအနေမှာ ယခင်ကနှင့် လုံးဝ ကွာခြားနေသည်။

သူ၏ အကြည့်သည် အတွေးများ၊ ဉာဏ်အလင်းပွင့်မှုများဖြင့် ပြည့်နေသည်။ ယခင်ကကဲ့သို့ ဒုက္ခရောက်နေသည့်ပုံ ပေါက်မနေချေ။

သူ၏ ရွှေရောင် ပုံစံသည် အက်ကွဲကြောင်းများဖြင့် ပြည့်နေသော်လည်း သူမှနေ၍ အထီးကျန်သော ခံစားချက်များ ထွက်မနေပေ။ အဘယ်ကြောင့်ဆိုသော် သူထုတ်လွှတ်နေသော ဗုဒ္ဓ အလင်းတန်းများမှာ တည်ငြိမ်ကာ လွတ်လပ်မှု အငွေ့အသက်များ ပါနေသောကြောင့် ဖြစ်သည်။

လင်းဖုန်းက ရယ်လိုက်သည်။ "ဇန်မာစတာ… ခင်ဗျားက တကယ်ကို ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သတ္တိကောင်းတာပဲ"

ပါရမီ ဇန်မာစတာသည် လက်အုပ်ချီလိုက်ကာ သူ၏ခေါင်းကို ခါပြီး ပြောလိုက်သည်။ "မာစတာလင်း… မာစတာလင်းရဲ့ စကားတွေက ကျုပ်ကို အရှက်ရစေပါတယ်… တကယ်လို့ မာစတာလင်းရဲ့ အကြံဉာဏ်ကြောင့်သာ မဟုတ်ရင် ကျုပ်က ဒီအခြေအနေကနေ ဘယ်လိုလုပ်ပြီး ရုန်းထွက်ရမလဲ ဆိုတာကို သိမှာမဟုတ်ဘူး… တကယ်လို့ နောက်ထပ် နောက်ကျသွားရင် ကျုပ်ရဲ့ ရွှေရောင်ပုံစံကလည်း ကြေကွဲသွားနိုင်တယ်"

"ဇန်မာစတာရဲ့ စကားတွေက လေးနက်လွန်းပါတယ်" လင်းဖုန်းက ပုခုံးတွန့်လိုက်၏။ "ဒီသဘောတရားတွေကို ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်တာက အကောင်းဆုံးပဲ.. တခြားသူတွေက ပြောပြရရင် ရည်ရွယ်ချက် အထမမြောက်ပဲ ဖြစ်သွားမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now