unicode
အပိုင်း(၈၅) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၈.၁)
ပိုင်ယွီကမူ စိတ်အေးလက်အေးနှင့် သဘာဝကျကျပြောနေခဲ့ပြီး သူ၏နှုတ်ခမ်းတို့က အသာအယာကော့ညွှတ်နေလျက် စုန့်ယွီကို ပြုံးပြနေခဲ့သည်။
ရှုပ်ပွနေသောဆံပင်နှင့် ရုပ်ဆိုးဆိုးမျက်မှန်ကြီးကို တွဲဖက်လိုက်သောအခါ ပိုင်ယွီ၏မျက်နှာလေးက လုံးဝဖုံးကွယ်ခံလိုက်ရသည်။ သို့သော် စုန့်ယွီကမူ ရင်ခုန်ရလွန်း၍ သေရတော့မတတ် ခံစားနေရသည်။
သူ့စိတ်ထဲတွင်မူ မျက်မှန်မပါသော ပိုင်ယွီ၏မျက်နှာလေးကို မြင်ယောင်နေမိပြီဖြစ်၏။ အတိတ်၌ ပိုင်ယွီအပေါ် မုန်းတီးခဲ့ပါသော်လဲ ယခုအခါတွင်မူ ကြင်ကြင်နာနာဆက်ဆံပေးနေသည်ဟုထင်မိပြီး ယခင်ကဆက်ဆံခဲ့ပုံများကို ဂရုမစိုက်တော့ပေ။အရိုက်နှက်ခံခဲ့ရပြီး တစ်ပတ်လောက်အထိ ကျောင်းမတက်နိုင်ခဲ့သူက အဘယ်သူပါနည်း။ တစ်ဖက်လူသည် အတိတ်ကကိစ္စများကို မေ့ပစ်လိုက်ရန်ပင် ပြောလာခဲ့သည်။
ထို့ပြင် ပိုင်ယွီ၏မိဘ၂ပါးစလုံးက ဆုံးပါးသွားပြီဟု သူကြားခဲ့ရသည်။ ပိုင်ယွီအား ကာကွယ်ပေးချင်နေသည့် စုန့်ယွီ၏စိတ်ဆန္ဒများက အလွန်အမင်းမြင့်တက်လာခဲ့လေသည်။
ပိုင်ယွီ၏စကားကို ကြားပြီးသည်နှင့် ဘေးမှကြည့်နေသူများက အော်ရယ်လိုက်ကြသည်။
စုန့်ယွီက ပိုင်ယွီကိုရိုက်နှက်ပစ်ချင်နေမှာ ထင်ရှားလှသော်လဲ ပိုင်ယွီကမူ အပြစ်မတင်ကြောင်းကိုသာ ပြောနေခဲ့သည်။ အမှန်တကယ်ပင် ရယ်ပွဲကျရသည်။
သူတို့အားလုံးမျှော်လင့်ထားသည်က စုန့်ယွီသည် ပိုင်ယွီကိုထိုးကြိတ်ပြီး ဒေါသဖြေဖျောက်လိမ့်မည်ဟုပင်။
သို့သော် စုန့်ယွီက အလေးအနက်ကြီးဖြစ်နေပြီး ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံးပင် ရဲတွတ်နေလိမ့်မည်ဟု မည်သူကတွေးမိပါမည်နည်း။ ထို့ပြင် အိတ်ကပ်ထဲလက်နှိုက်ကာ ရည်းစားစာတစ်စောင်ယူထုတ်၍ ပိုင်ယွီကိုကမ်းပေးကာ အော်ပြောလိုက်သေးသည်။
"ပိုင်ယွီ ကျေးဇူးပြုပြီး ငါနဲ့တွဲပေးပါ"
လူတိုင်း တိတ်ဆိတ်သွားကြသည်။ မမျှော်လင့်ထားသောကိစ္စတစ်ခုက အခုလေးတင်ဖြစ်သွားခဲ့သည်။
စုန့်ယွီက အိတ်ကပ်ထဲမှ ဓားတစ်ချောင်းထုတ်လိုက်လျှင်ပင် လက်ခံပေးမိဦးမည်။ သို့သော် တကယ်တမ်း ရည်းစားစာထွက်လာချိန်တွင် အားလုံးမှာ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်တော့ပေ။
ဤကိစ္စက စိတ်ကူးယဉ်ကြည့်နိုင်သည့်နယ်နိမိတ်ကို ကျော်ထွက်သွားပြီး အားလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
စုန့်ကျဲဆိုလျှင် စုန့်ယွီထံပြေးလာပြီး လက်ထဲမှရည်းစားစာကို လုယူလိုက်သည်။
"စုန့်ကော နင်ရူးနေပြီလား"
"ဘာလို့ ငါကရူးရမှာလဲ ငါက ပိုင်ယွီကို ဖွင့်ပြောချင်ရုံပါ"
စုန့်ယွီသည် ရည်းစားစာကိုပြန်လုကာ စုန့်ကျဲအား ဘေးသို့တွန်းလိုက်သည်။
"ငါ့ကိုလွှတ်ပေးစမ်းပါ ငါပိုင်ယွီကို သဘောကျတယ် သူနဲ့ပဲ အတူတူနေချင်တယ်"
စုန့်ယွီ၏စကားက အားလုံးကိုထိတ်လန့်သွားစေသည်။ ထိုလူများသာမက ပိုင်ယွီသည်ပင် မတွေးတတ်တော့ချေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️