Unicode
အခန်း (၆၂) - ဘယ်လောက်တောင် အရှက်ကင်းမဲ့ရတာလဲ (၃)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)ချန်ရှုယီသည် သူ့သူငယ်ချင်း၏ အပြုအမူကို နားမလည်သော်လည်း ထျန်းယွီအင်တာတိန်းမန့်သည် လုလီရှင်းအပိုင်ဖြစ်ပြီး သူက လုလီရှင်းအတွက် အလုပ်လုပ်ကိုင်ပေးနေတာ ဖြစ်သည်။ ဒါ့ကြောင့် သူသည် လုလီရှင်းရဲ့ ညွှန်ကြားချက်ကို မေးခွန်းမရှိ လိုက်နာနေမည် ဖြစ်သည်။
“ဟုတ်တယ်၊ ဒုဥက္ကဌချန် ကျွန်တော် ဒီကိစ္စကို စောင့်ကြည့်နေတာပါ။”
“ဒီကိစ္စမှာ ဝင်ရောက်မစွက်ဖက်နဲ့။ ကျီချင်းချင်း သူမ အလိုရှိသလို လုပ်ခွင့်ပေးလိုက်။”
လက်ထောက်ဒါရိုက်တာကျီသည် အံ့အားသင့်ပြီး ကြက်သေ သေသွားခဲ့သည်။ “ဒုဥက္ကဌချန် ကျီချင်းချင်း သူမ အလိုရှိသလို လုပ်ခွင့်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။ သူမ အလိုရှိသလို လုပ်ခွင့်ပေးလိုက်ရင် ကျွန်တော်တို့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းကို ကျဆင်းသွားစေလိမ့်မယ်။ ဒါက မင်းသမီးနှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေးရန်ငြိုးတင်မကဘူး။ ကုမ္ပဏီတစ်ခုတည်း ဖြစ်လို့ ဒီရန်ပွဲက ကျွန်တော်တို့ကုမ္ပဏီကို လူရယ်စရာ ဖြစ်လာနိုင်တယ် မဟုတ်လား။”
ချန်ရှုယီသည် လက်ထောက်ဒါရိုက်တာလီရဲ့ ပြောစကားကိုတော့ သဘောတူသည်။
သို့သော်လည်း ဒီကုမ္ပဏီသည် နောက်ဆုံး၌ လုလီရှင်းနှင့်သာ သက်ဆိုင်သည်။ သူ လုပ်ချင်တာကို လုပ်နိုင်တယ်။ ချန်ရှုယီသည် နောင်အနာဂတ်တွင် လုလီရှင်းက ကျီချင်းချင်းကို ထောက်ပံ့ပေးလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
“တော်တော့၊ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ငါသိတယ်။ မင်း ဝင်ရောက်မစွက်ဖက်နဲ့။”
ဖုန်းချပြီးနောက် ချန်ရှုယီသည် သူ့လက်ထောက်ကို “မင်း အရင်ဆုံး ထွက်သွားလိုက်” ဟု ညွှန်ကြားလိုက်သည်။
သူ့လက်ထောက်သည် သူ့ညွှန်ကြားချက်ကို လိုက်နာပြီး ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။
လက်ထောက် ရုံးခန်းထဲမှ ထွက်လာလာချင်းမှာပင် တခြားအမျိုးသမီးဝန်ထမ်းတွေက အတင်းအဖျင်းပြောဖို့ လက်ထောက်အား ဆွဲခေါ်သွားခဲ့သည်။