အခန်း (၁၅၅)
လုလီရှင်းရောက်လာသောအခါ သူမဘာမှ မပြောရဲ၊ မလုပ်ရဲတော့ချေ။ ဇာတ်လမ်းထဲတွင် သူမ သရုပ်ဆောင်ရသည်မှာလည်း ဇာတ်ရံမျှသာ ဖြစ်လေသည်။ သူမ၏ ဇာတ်ကွက်များ သိပ်မပါချေ။ နောက်နှစ်ရက်ဆိုလျှင် သူမ၏ရိုက်ကူးရေးအပိုင်းပြီးဆုံး၍ ထွက်ခွာရတော့မည်ဖြစ်သည်။ ကျီချင်းချင်းနှင့် ဖြစ်ခဲ့သော ကိစ္စအတွက် လုလီရှင်းမှ ညွှန်ကြားချက်များထုတ်ခဲ့သောကြောင့် သူမ၏အထောက်အပံ့များအားလုံးသည် ကျီချင်းချင်းထံ ရောက်သွားလေသည်။ အထောက်အပံ့ မရှိခြင်းသည် သရုပ်ဆောင်တစ်ယောက်အတွက် အိပ်မက်ဆိုးပင် ဖြစ်လေသည်။ မုန်ရွှင်းမှာလည်း လက်ရှိအခြေအနေကြောင့် ဒုက္ခရောက်နေရလေသည်။
ကုမ္ပဏီအား အားထား၍ မရသဖြင့် သူမကိုယ်တိုင် အားထုတ်ရတော့မည်ဖြစ်သည်။
"ဒါရိုက်တာကျိုး" ရှန်းဝေဝေသည် ပြုံးလျက် လမ်းလျှောက်သွားလိုက်သည်။ "နောက်နှစ်ရက်ဆိုရင် ကျွန်မအတွက် ရိုက်ကူးရေးပြီးပါပြီ၊ ဒီအတောအတွင်း သင်ပြပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။"
"မင်းက ထိုက်တန်ပါတယ်၊ ပြီးတော့ အရည်အချင်းလည်းရှိတယ်၊ ဆက်ပြီးကြိုးစားနေမယ်ဆို တစ်နေ့မှာတော့ အောင်မြင်လာမှာပါ။"
ရှန်းဝေဝေ၏အပြုံးသည် ဖျော့တော့သွားလေသည်။ "ကျေးဇူးတင်ပါတယ်၊ ကျွန်မက အခုမှ လူသစ်ဆိုတာသိပါတယ်၊ အခုတော့ အခွင့်အရေးမရှိသေးပေမယ့် နောင်ကျရင်တော့ အစွမ်းကုန်ကြိုးစားပြီး တခြားဒါရိုက်တာတွေပါ လက်ခံလာအောင်လုပ်မှာပါ၊ အဲ့အခါကျမှ အခွင့်အရေးတွေ ပိုရလာမှာပေါ့။"
ဒါရိုက်တာကျိုးသည် ရှန်းဝေဝေ၏ သရုပ်ဆောင်ကွက်များအား အသိအမှတ်ပြု ချီးကျူးလေသည်။ အနုပညာနယ်ပယ်ရှိ နာမည်ကြီးသူအများစုထက်သာလွန်သည်ပင် ဖြစ်သည်။ အခွင့်အရေးသာရရှိခဲ့လျှင် သူမလည်း အမှန်တကယ် အောင်မြင်လာမည်ဖြစ်ပေသည်။
"ဟုတ်ပြီလေ၊ နောက်လည်း အခွင့်အရေးရရင် ထပ်ပြီးတော့ အတူတူရိုက်ကူးကြတာပေါ့။"
ဒါရိုက်တာကျိုး၏စကားများသည် ကတိပင်ဖြစ်လေသည်။
ရှန်းဝေဝေလည်း ချက်ချင်းပင် ကျေးဇူးတင်လိုက်သည်။ "အရမ်းကျေးဇူးတင်ပါတယ်၊ ဒါရိုက်တာကျိုး"
![](https://img.wattpad.com/cover/279714628-288-k885403.jpg)