အခန်း (၁၆၈)
"ကောင်းပြီလေ။ ကိုယ် မင်းကို ဒီနေ့ည စောင့်နေမယ်။" ဟု လုလီရှင်းသည် ထိုစကားကို အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
အန္တရာယ်အငွေ့အသက်ကိုရသည်နှင့် ကျီချင်းချင်း၏ လက်တို့မှာ တုန့်ဆိုင်းသွားရသည်။ သူမရှေ့ရှိ များစွာသော ဟင်းပွဲများသည်ပင် ရုတ်တရတ်ကြီး အရသာမရှိတော့သလိုပင်။
ဒီလုလီရှင်းက ထူးဆန်းနေတယ်။
သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုကြပါစို့။ ဒီအချိန်အတွင်းမှာ သူမတို့နှစ်ယောက် အတူတူအိပ်ခဲ့ကြပေမယ့် သူက သာမာန်ထက် လွန်ကဲတဲ့ အပြုအမူမျိုး ဘာမှမလုပ်ခဲ့ပါဘူး။ အသားချင်းထိတွေ့မိရင်တောင်မှ သူသည် သူမ၏ခံစားချက်များကို အလေးထားကာ မည်သည့်မသင့်တော်သည့် အပြုအမူမျိုးကိုမှ မလုပ်ခဲ့ဖူးပေ။
ကျီချင်းချင်းသည် လုလီရှင်းကို သူ့ဘေးမှာ ဤမျှချောမောလှပတဲ့မိန်းကလေးတစ်ယောက် လှဲလျောင်းနေတာကို မသင့်တော်တဲ့ ခံစားချက်တစ်ခုတစ်လေလေးတောင် မဖြစ်မိဘူးလားဟု တစ်ခါတစ်ရံ မေးခွန်းထုတ်ချင်မိသည်။ များသောအားဖြင့် သူ့မှာ တခြားကောင်မလေးရှာဖို့ အချိန်လည်း ရှိမနေဘူးလေ။ ဒီအချက်တွေက ကျီချင်းချင်းအား လုလီရှင်းသည် 'ဖော်ပြ၍ငှာမစွမ်းသောနေရာ'တွင် ပြဿနာတစ်ခုခု ရှိနေသည်ဟုပင် သံသယဖြစ်မိစေသည်။
ညရောက်သောအခါ ....
ညဘက်မှာ မင်းဘာများလုပ်နိုင်မှာလဲ။
တစ်ကိုယ်ရေ ဖြစ်နေတာ အရမ်းကြာနေပြီဖြစ်သည့် အမျိုးသားတစ်ဦးအနေဖြင့် သူ ဘယ်လို ထိန်းထားနိုင်မလဲ။
နေ့လည်စာစားပြီနောက် ကျီချင်းချင်းသည် အဖျားတိုင်းကြည့်ရာ သူမအဖျားမှာ လုံးဝပျောက်လုနီးပါး ဖြစ်နေခဲ့သည်။ ဆေးနှစ်လုံးသောက်ပြီးနောက် သူမ အိပ်ငိုက်လာသဖြင့် နာရီအနည်းငယ်လောက် အိပ်လိုက်သည်။ သူမ နိုးလာသောအခါ ကောင်းကင်ကြီးမှာ မှောင်နေပြီဖြစ်သည်။
တံခါးဝကိုဖြတ်ကာ လေနှင့်ပါလာသော အရသာရှိသည့် စားစရာအနံ့များကို သူမ တစ်ဝကြီး ရှူရှိုက်လိုက်၏။ နေ့လည်ခင်း တစ်ရေးတစ်မော အိပ်စက်အနားယူခြင်းသည် သူမအဖျားအား လုံးဝ မပျောက်ကင်းစေသော်ငြား သူမဗိုက်ထဲမှ အစားအသောက်တွေကိုတော့ လုံးဝ အစာကြေသွားစေသည်။ ကျီချင်းချင်းသည် ညနေစာစားရန် အိပ်ရာထလိုက်သည်။
