အခန်း (၁၈၅)
ထိုလူသည် လုလီရှင်းအား ဦးညွှတ်ကာ ပြောလိုက်သည်။ "ဥက္ကဌလု ကားက အပြင်ဘက်မှာ စောင့်နေပါပြီ။ ကျွန်တော်တို့ သွားရတော့မယ်။"
လုလီရှင်းသည် ကျီချင်းချင်းအားကြည့်ကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။ "ကိုယ် အရင်ပြန်နှင့်မယ်။"
ကျီချင်းချင်း ခေါင်းငြိမ့်လိုက်သည်။ သူမ၏မျက်လုံးများကမူ မလိုလားသည့် အရိပ်အယောင်လေး တစ်စွန်းတစ်စမှ ရှိမနေပေ။ ထို့အပြင် သူမသည် လုလီရှင်းအား ပြုံးရယ်ကာ တာ့တာပင်ပြနေသေးသည်။
သူသွားတာ ကောင်းတယ်။ သူသွားရင် သူမ သူ့အတွက် အချိန်တစ်ဝက်လောက် ခွဲပေးပြီး ဂရုစိုက်နေစရာမလိုတော့ဘဲ ရုပ်ရှင်ရိုက်တဲ့အပေါ်မှာပဲ စိတ်နှစ်ထားလို့ရပြီ။
လုလီရှင်းတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။ "ကိုယ်သွားတော့မှာကို အဲ့လောက်တောင် ပျော်နေတာလား။"
ကျီချင်းချင်းသည် အပျော်များကို ဖုံးကွယ်ကာ သူ့အား ပြန်လွှတ်ရန် တွန့်ဆုတ်နေသည့်ပုံ သရုပ်ဆောင်လိုက်သည်။ ကျီချင်းချင်းသည် ခေါင်းခါကာ လေးလေးနက်နက် ပြောလိုက်၏။ "ဟင့်အင်း၊ ကျွန်မ ရှင်ထွက်သွားမှာကို ကြည့်တောင်မကြည့်နိုင်ပါဘူး။ အရမ်းဝမ်းနည်းလွန်းလို့ ငိုမိတော့မယ်။"
သူမ၏ ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်နေပုံအား မြင်လိုက်ရသောအခါ လုလီရှင်းမှာ ဒေါသထွက်လွန်း၍ အော်ရယ်ပစ်လိုက်ချင်မိသည်။ "တော်ပြီ၊ ဟန်ဆောင်မနေနဲ့တော့။"
--"သေဆုံးခါနီး သတိပေးချက်၊ ကျေးဇူးပြုပြီး ဇနီးလေးအား ပွေ့ဖက်ပြီး နှုတ်ဆက်ပါ။ ပွေ့ဖက်နှုတ်ဆက်သည့်အချိန် ငါးမိနစ်ထက် မနည်းရပါဘူး။"
"... ပွေ့ဖက်ပေးမလား။"
"မလုပ်နဲ့၊ ဒီမှာ လူတွေအများကြီးရှိနေတယ်။" ဟု ကျီချင်းချင်း ခပ်တိုးတိုးပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူမသည် တစ်ဖက်သို့ လှည့်ပြီး ထွက်သွားတော့မည့်ပုံပင်။
လုလီရှင်းသည် သူမ၏လက်ကောက်ဝတ်ကို ဆွဲလိုက်ကာ သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။ သူမအား သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထား၏။