Chapter-182

634 79 0
                                    

အခန်း (၁၈၂)

"လီထင်း မပြောနဲ့တော့။ ခုနက ကျွန်မ လောသွားလို့ပါ အဆင်ပြေပါတယ်။ နောက်ကျရင် ပြောင်းခေါ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။" ရှန်းဝေဝေ၏ အားလုံးကို အလျှော့ပေးပါတယ်ဆိုသော အကြည့်သည် လုလီထင်းအား အပြစ်ရှိသလို ခံစားရစေသည်။ သူ့ရင်ထဲမှာ ထိန်းမရသော ဒေါသတစ်ရပ် ပေါ်ပေါက်လာ၏။

သူသည် သူ့မိသားစုရှေ့တွင် သူ့မိန်းကလေးအား မကာကွယ်နိုင်ခဲ့ပေ။

"ချင်းချင်း ခုနကအတွက် တကယ်တောင်းပန်ပါတယ်။ အဲ့ဒါ ငါ ပန်းကန်လုံးကို သေချာမကိုင်ထားမိလို့ဖြစ်တာပါ။ NG အခန်းတွေ အများကြီးကြောင့် နင့်အချိန်ကို ဖြုန်းမိသလို ဖြစ်သွားပြီ။ စိတ်မပူပါနဲ့၊ နောက်တစ်ကြိမ်ကျရင် ငါသေချာကြိုးစားပါ့မယ်။ ငါ နင့်ကို ဒုက္ခမဖြစ်စေချင်ပါဘူး။"

ကျီချင်းချင်းသည် လုလီထင်း၏ ကျားလိုလို မြေခွေးလိုလိုအကြည့်အား ကြည့်လိုက်သည်။ ရှန်းဝေဝေတစ်ယောက်တော့ လုလီထင်း သူမအား ပိုမုန်းအောင် သိမ်းသွင်းလိုက်နိုင်ပြီဆိုတာ သူမ သိလိုက်သည်။

ဇာတ်ညွှန်းဖတ်ရန် ခေါင်းကို ပြန်ငုံ့ကာ ကျီချင်းချင်း ပုံမှန်ပဲ ပြန်ပြောလိုက်သည်။ "ဘာများ တောင်းပန်စရာလိုလို့လဲ။ မလိုပါဘူး။ NG ဖြစ်တယ်ဆိုတာ ပုံမှန်ပါပဲ။ အကောင်းဆုံးဇာတ်ဆောင်ဆု ရထားတဲ့ အစ်ကိုကျင်းစုတောင် လွန်ခဲ့တဲ့နှစ်ရက်က NG ဆယ်ခါ ထိသေးတာပဲ။ ငါတို့က အခုမှ ခြောက်ခါပဲရှိသေးတယ်။ ပြဿနာမရှိပါဘူး။"

ကျီချင်းချင်းသည် သူ့အား မော့မကြည့်ပေ။ သို့သော် လုလီထင်း၏ သွေးတို့ ဆူပွက်အောင်တော့ ဆွပေးလိုက်နိုင်သည်။ သို့သော် သူသည် လုလီရှင်းရှေ့တွင် ကျီချင်းချင်းအား ရဲရဲတင်းတင်းမပြုမူရဲပေ။ သူ့ရဲ့ဒေါသတွေကို ထိန်းကာ ရှန်းဝေဝေအား နှစ်သိမ့်လိုက်သည်။ "ဝေဝေ NG ဖြစ်တာ မင်းအမှားကြောင့် မဟုတ်ဘူး။ တောင်းပန်နေစရာမလိုဘူး။"

ကျီချင်းချင်း ခေါင်းငြိမ့်လိုက်သည်။ "မှန်တယ် NG ဖြစ်တယ်ဆိုတာ ဒါရိုက်တာက ဆုံးဖြတ်တာပဲ။ မီးအလင်းအမှောင် ကင်မရာရိုက်ချက်တွေအပြင် သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်မှုတွေအားလုံးက အဲဒီထဲမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်တယ်။ အဲ့ဒါက နင် ပန်းကန်လုံးကို သေချာမကိုင်နိုင်တာကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now