အခန်း (၁၃၈)
ကျီချင်းချင်းသည် စကားပြန်မပြောဘဲနှင့် ပြုံးပြလိုက်သည်။ ဇာတ်ညွှန်းဖတ်နေသည်ကို ရပ်လိုက်၍ ကားထဲမှ ထွက်လာခဲ့လေသည်။
သရုပ်ဆောင်အများစုမှာ ရောက်နှင့်နေကြပြီးဖြစ်၍ ရယ်သံများလည်း ပျံ့လွင့်နေလေသည်။ အသံလာရာကို ကြည့်လိုက်သောအခါ ဇာတ်ညွှန်းများကိုကိုင်ထားသော သရုပ်ဆောင်အုပ်စုသည် စကားစမြည်ပြောနေကြသည်ကို တွေ့ရသည်။
ရှန်းဝေဝေလည်း ထိုအုပ်စုထဲတွင် ပါလေသည်။
သူသည် ဇာတ်ရံမျှသာ ဖြစ်သော်လည်း ဇာတ်ကားတစ်လျှောက်လုံးတွင် ပါဝင်ရလေသည်။ ဒဏ်ရာမရမီကပင် ဇာတ်ကွက်၏တစ်ဝက်ခန့် ရိုက်ကူးပြီးပြီဖြစ်၍ ယခုပြန်လည်ကောင်းမွန်လာသောအခါ သူမရော ကျီချင်းချင်းပါ ဆက်လက်ရိုက်ကူးနိုင်ကြပြီဖြစ်သည်။
ရှန်းဝေဝေသည် ဆက်ဆံရေး ကောင်းမွန်သောကြောင့် လူသိများလေသည်။ ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးတို့ပြီးနောက် အဖွဲ့သားများနှင့် အရင်းနှီးဆုံးဖြစ်လေသည်။
သူတို့အုပ်စုထဲမှတစ်ယောက်သည် ကျီချင်းချင်းကိုတွေ့သွားကာ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ တစ်ချို့သည် သူမကို စိုက်ကြည့်နေကြ၍ ရယ်သံများလည်း လျော့ပါးသွားကြသည်။
ကျီချင်းချင်းမှာမူ ထိုအပြုအမူများကို မျှော်လင့်ထားပြီးဖြစ်၍ ဂရုမစိုက်ဘဲ ပြုံးလိုက်လေသည်။ ပွဲစီစဉ်ပေးသူမှာမူ များပြားလှသော ရိုက်ကူးရေးအဖွဲ့သားများကြောင့် အတန်ငယ် စိတ်ညစ်နေလေသည်။
"ချင်းချင်း၊ ဒီကိုခဏလာပါဦး။"
သူမလှည့်ကြည့်လိုက်သောအခါ အသက်လေး၊ငါးဆယ်အရွယ် ဇာတ်ညွှန်းကိုကိုင်ထားသော လူလတ်ပိုင်းတစ်ယောက်ကို တွေ့ရသည်။ အဖြူရောင်အနားသတ် ဦးထုပ်ကို စောင်းထား၍ မျက်မှန်ကို နှာတံပေါ်တင်ထားလေသည်။
ရုပ်ရှင်ဇာတ်လမ်း၏ ဒါရိုက်တာဖြစ်သော ဆရာကျိုးဖြစ်လေသည်။
"ဒါရိုက်တာကျိုး၊ ကျွန်မကိုရှာနေတာလား။"
သူသည် မျက်မှန်ကို ပင့်တင်လျက် ခေါင်းညိတ်မပြမီ သူမအား ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။