Unicode
အခန်း (၁၂၇)
စနစ်သည် လုလီရှင်း၏ စွပ်စွဲချက်ကို အပြစ်ကင်းစွာ ပြန်ဖြေသည်။
--- "သင်မှ မမေးခဲ့ဘဲ။"
လုလီရှင်းသည် သူ့ရှေ့မှစာရွက်စာတမ်းများကို သုံးလို့မရတော့သဖြင့် လွှင့်ပစ်လိုက်သည်။ ထို့နောက်အမူအရာမပျက်ဘဲနှင့် သူ၏လက်ထောက်ကိုခေါ်ကာ စာရွက်စာတမ်းအသစ်တစ်စုံပေးရန် ပြောလေသည်။ ခဏအကြာတွင် သူ့လက်ထောက်သည် စာရွက်စာတမ်းအသစ်တစ်စုံဖြင့် ဝင်လာကာ လုလီရှင်း၏ စားပွဲပေါ်သို့တင်လိုက်သည်။
"မကြာခင်မှာ Y မြို့တော်ကို သွားဖို့အတွက် အစီအစဉ်ရှိလား"
ချန်ကျင်းသည် မျက်မှန်ပင့်တင့်လျက် ခေါင်းငုံ့ကာ သူမ၏ ဖုန်းထဲ၌ လုလီရှင်း၏ အချိန်ဇယားကို ကြည့်ပေးလေသည်။ "မကြာခင်မှာ Y မြို့တော်ကို သွားဖို့အစီအစဉ်မရှိသေးပါဘူး၊ ဥက္ကဌလု"
ပင်မကုမ္ပဏီသည် Y မြို့တော်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ချင်ခဲ့သော်လည်း Y မြို့တော်၏ စီးပွားရေးအခြေအနေ မတိုးတက်မှုကြောင့် အစည်းအဝေးတွင် လုလီရှင်းကိုယ်တိုင် ငြင်းပယ်ခဲ့ခြင်း ဖြစ်လေသည်။
"Y မြို့တော်မှာ ဘာအလုပ်မှ လုပ်စရာမရှိဘူးလား။"
"လတ်တလောမှာတော့ ကုမ္ပဏီအတွက် Y မြို့တော်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်တွေ မရှိသေးပါဘူး။"
လုလီရှင်းသည် မျက်မှောင်ကြုံ့လျက်ပင် "ငါ့ကို အားလပ်ရက် ဘယ်နှရက်ရနိုင်မလဲဆိုတာ တွက်ပေးပါဦး။"
"ဟုတ်ကဲ့" ချန်ကျင်းသည် လုလီရှင်းကုမ္ပဏီသို့ စတင်ဝင်ရောက်စဉ်ကတည်းက လက်ထောက်လုပ်ခဲ့သူ ဖြစ်လေသည်။ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ရသဖြင့် ချန်ကျင်းသည် ယခုအခါတွင် လိမ္မာပါးနပ်နေပြီ ဖြစ်ပေသည်။ လုလီရှင်းသည် စုစုပေါင်း အားလပ်ရက်ကို တွက်ချက်ပြီးသည့်အခါ ပြုံးလျက် "ဆရာက ခြောက်နှစ်ဆက်တိုက် အားလပ်ရက်မယူခဲ့ပါဘူး။ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက အားလပ်ရက်တွေနဲ့ စနေ တနင်္ဂနွေတွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် အားလပ်ရက် ၇၀၃ ရက် ရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ စည်းကမ်းအရ လွန်ခဲ့တဲ့တစ်နှစ်အတွင်းကိုပဲ တွက်ချက်လိုက်မယ်ဆိုရင်တော့ ရက်ပေါင်း ၁၂၀ ရှိပါတယ်။"