အခန်း (၇၂) - မင်း ကြိုက်တာ မှန်သမျှကို ဝယ်ပစ်လိုက် (၁)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)လုလီရှင်းရဲ့ အလုပ်ပြန်တက်တာက ရုတ်ချည်း ဖြစ်ပျက်သွားခဲ့တာ ဖြစ်သည်။ အကြီးတန်း ရှယ်ယာရှင် အနည်းငယ်မှ လွဲ၍ ဒီနေ့ သူ ရုံးပြန်တက်မှာကို လူအနည်းငယ်သာ သိရှိခဲ့သည်။
အဆုံး၌ သူ လွန်ခဲ့သည့်တစ်လခန့်က ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရ၍ လူနာတင်ယာဥ်ဖြင့် ခေါ်ဆောင်သွားသောအခါဝယ် ထမ်းစင်ပေါ်တွင် သွေးများရဲရဲနီစွေးနေခဲ့သည်ဟု ကောလဟလသတင်းများ ကြားသိခဲ့ရသည်။
ကောလဟလမျိုးစုံက ကုမ္ပဏီထဲမှာ ပျံ့နှံ့နေခဲ့သည်။ ဥပမာအားဖြင့်၊ စီအီးအိုလုက ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ ကုမ္ပဏီအတွင်း ကသောင်းကနင်း မဖြစ်ပွားစေရန် လျှို့ဝှက်ထားခဲ့ကြောင်း ကောလဟလတစ်ခုလည်း ရှိခဲ့ကြသည်။ စီအီးအိုလုသည် ကားမတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သွားပြီး ကျန်ဘဝတစ်ခုလုံးကို ဘီးတပ်ကုလားထိုင်ပေါ်တွင် ကုန်ဆုံးသွားရတော့မည် ဖြစ်ကြောင်း ကောလဟလသတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
ဤကဲ့သို့သော ကောလဟလများကို ပြောဆိုသူများသည် သူတို့ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသကဲ့သို့ ယုံကြည်အောင် ထပ်ခါတလဲလဲ ပြောဆိုနေခဲ့ကြခြင်း ဖြစ်သည်။
လုလီရှင်း ကုမ္ပဏီသို့ ရောက်လာသောအခါ မနက်ခင်း ရုံးမတက်ခင် အပြေးအလွှား ဖြစ်နေချိန်ဆိုတော့ ကုမ္ပဏီအဝင်ဝမှာ နာရီကြည့်ပြီး အပြေးအလွှား ဖြစ်နေကြသည့် ဝန်ထမ်းတွေကို နှစ်ယောက် သုံးယောက်စီ အဖွဲ့လိုက်ဖြင့် မြင်တွေ့ရသည်။
ကုမ္ပဏီရဲ့ အဝင်ဝမှာ Bentleyကား ရပ်တန့်သွားတာကို ဝန်ထမ်းများ သတိပြုမိလိုက်ကြသည်။ ဒါပေမယ့် လုလီရှင်း ကားထဲမှ ထွက်လာချိန်မှာတော့ လူအုပ်ရဲ့ အရှိန်ဟာ သိသိသာသာ နှေးကွေးသွားကြသည်။ ဤကဲ့သို့ မြင်ကွင်းကို မြင်တွေ့ခဲ့ပြီး ဝန်ထမ်းတွေဟာ တညီတညွတ်တည်း လုလီရှင်းကို အံ့သြထိတ်လန့်စွာဖြင့် တစ္ဆေသရဲကို မြင်တွေ့နေရသကဲ့သို့ သူ့ကို ကြည့်နေခဲ့သည်။