Unicode
အခန်း (၆၆) - မင်း ငါ့ကို ကွာရှင်းချင်တယ်လို့ ဘာကြောင့် ကြားနေရတာလဲ !? ( ၃ )
"အင်း... ကုရှောက်ယွီက ရှန်းဝေဝေကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာ မဟုတ်ဖူးလား။ သူက ရှန်းဝေဝေရဲ့ အခုပြဿနာကြီးကို ကူညီပေးဖို့ သေချာပေါက် လုပ်လိမ့်မယ်။ နင် ဒါကို မသိဘူးလို့ ဟန်ဆောင်မနေနဲ့။"
ရှန်းဝေဝေသည် ငွေကြေးကို မမက်မောပဲ မြင့်မြတ်ပြီး အကျင့်စာရိတ္တကောင်းသူဟု သူက အခိုင်အမာ ပြောဆိုနေသော်လည်း ရှန်းဝေဝေက ဝတ္ထုထဲတွင် ချမ်းသာပြီး အာဏာရှိသည့် လူပုဂ္ဂိုလ်များစွာနှင့် ဘာကြောင့် အရှုပ်အယှက်များစွာ ရှိနေရတာလဲ။ သူမက မျက်နှာနှစ်ဖက်ရှိတဲ့ ကြာပန်းဖြူမတော့ မဟုတ်လောက်ဖူးမလား။
"ဒါ့အပြင် သူမ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာက ငါနဲ့ ဘာမှ မဆိုင်ဘူး။ သူမက သနားစရာကောင်းတယ်လို့ပဲ ငါ ပြောနိုင်တယ်။ ဒီကိစ္စကို အသုံးပြုပြီး ငါက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ ငါ လက်မခံနိုင်ဘူး။ ရှန်းဝေဝေ င့ါကို အတင်းအကြပ် ဖိအားပေးတုန်းကရော နင် စိတ်မကောင်းဖြစ်မိတယ်လို့များ နည်းနည်းလောက် ခံစားရလို့လား။ ငါက ငါ့ခန္ဓာကိုယ်ကို ရောင်းချလုနီးပါး ဖြစ်ခဲ့တာလေ။"
လုလီထင်းသည် သူမကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ သူသည် သူမကို မသိသလိုပုံစံနှင့် သူမကို နားလည်ဖို့ ကြိုးစားရင်း အသေးစိတ် ကြည့်ရှုစစ်ဆေးနေခဲ့သည်။
အချိန်အတော်ကြာပြီး နောက်ဆုံးမှာတော့ သူက စကားစလာခဲ့သည်။ "ကျီချင်းချင်း... မင်း ပြောင်းလဲသွားတယ်။"
ဟမ်?
"မင်း အရင်က ဒီလို မဟုတ်ဘူး။ မင်း အမြဲတမ်း ပိုက်ဆံကို မက်မောတတ်ပေမယ့် မင်း အရင်တုန်းကတော့ သနားကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်၊ မင်း ဒီလောက် သဘောထားမသေးသိမ်ဘူး၊ အနုပညာလောကထဲကို ဝင်လာပြီး နောက်ပိုင်း တကယ်ပဲ..."
"ဝမ်းနည်းပါတယ်၊ ငါ မပြောင်းလဲသွားဘူး၊ ငါက အမြဲတမ်း ဒီလိုလူမျိုးပဲ။" ကျီချင်းချင်းသည် လုလီထင်းရဲ့ ထင်ယောက်ထင်မှား ပြောဆိုမှုတွေကို ရပ်တန့်လိုက်သည်။ "ငါက ငွေမက်တယ်၊ ပြီးတော့ နင့်ရဲ့ အစ်ကိုကြီးမှာ ငွေရှိတယ်၊ ဒါကြောင့် ငါ သူ့ကို လက်ထပ်ခဲ့တာလေ နင့်ရဲ့ အဖိုးတန်လှတဲ့ ရှန်းဝေဝေကတော့ ငွေ မမက်ဘူး။ နင့်မှာ ပိုက်ဆံမရှိပေမယ့် သူက နင်နဲ့အတူရှိချင်တယ်။ နင့်ရဲ့ မွန်မြတ်စင်ကြယ်လှတဲ့ အချစ်တွေနဲ့ သူမက တော်တော်လေး လေးစားစရာကောင်းတာပဲ။ နင်တို့ နှစ်ယောက်က ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ စုံတွဲတစ်တွဲလိုပဲ... နင်နဲ့ ရှန်းဝေဝေ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ငါ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်။"