Chapter-139

971 90 1
                                    

အခန်း (၁၃၉)

"ဝမ်ရို့ရေ၊ သူ့အတွက် သုတ်ဖို့သဘက်လေးယူခဲ့ပါဦး" ကျီချင်းချင်းသည် ရှန်းဝေဝေဘက်လှည့်ကာ တောင်းပန်လိုက်သည်။ "ကျွန်မအမှားပါ၊ ခွက်က အဲ့လောက်ပူနေမယ်လို့ မထင်ခဲ့မိဘူး၊ စားပွဲပေါ်မှာ တင်ထားချင်ပေမယ့် အတင်းပေးနေတာနဲ့ပဲ ဖြစ်သွားတာ။"

ဝမ်ရို့သည် ပေကျံနေသည်များကို သုတ်ရန် သဘက်နှင့်အတူ ပြန်ရောက်လာသည်။

ရှန်းဝေဝေသည် သူမ၏ ကော်ဖီစွန်းနေသော အဝတ်များကို ကြည့်လိုက်သည်။ တောင့်တင်းနေသော်လည်း အားယူပြုံးလိုက်ကာ "နောက်တစ်ခွက် ထပ်ယူလာပေးမယ်နော်"ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်ပင် နောက်တစ်ခွက်ထပ်ယူလာလေသည်။

"အဲ့နားလေးမှာ ချထားလိုက်ပါ၊ ကျေးဇူးနော်။"ဟု ကျီချင်းချင်းသည် စားပွဲငယ်ဘေးရှိ ကုလားထိုင်ကို ညွှန်ပြရင်း ပြောလိုက်သည်။

ရှန်းဝေဝေသည် အပြုံးကို ကြိုးစားထိန်းထားရင်းနှင့်ပင် ကော်ဖီခွက်ကို စားပွဲပေါ်တင်ကာ ထွက်သွားလေသည်။

ရှန်းဝေဝေ၏ တောင်းပန်မှုသည် စစ်မှန်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျီချင်းချင်းအတွက် အရေးမကြီးပါ။ ကော်ဖီဆီမှ ပြင်းထန်သောအနံ့သည် ပျံ့လွင့်နေသည်။ အနံ့ရရုံနှင့်ပင် အလွန်ခါးမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျီချင်းချင်းသည် ကော်ဖီကို မသောက်ရန် ဆုံးဖြတ်ထားလိုက်သည်။

နေ့လည်ပိုင်းသို့ ချဉ်းကပ်လာချိန်တွင် ကျီချင်းချင်းသည် ဇာတ်ညွှန်းစာသားများကို လျောလျောလျူလျူ ပြောဆိုနိုင်စေရန် ကျက်မှတ်ပြီးဖြစ်သည်။ ဇာတ်ဆောင်၏ ခံစားချက်များကိုလည်း အပြည့်အဝ ဖော်ပြနိုင်နေပြီ ဖြစ်သည်။ သို့သော်လည်း ကျိုးဒါရိုက်တာကမူ ကိစ္စအနည်းငယ်ရှုပ်နေလေသည်။ နေ့တစ်ပိုင်းခန့် ကုန်ဆုံးသွားသော်လည်း တစ်ပိုင်းမျှပင် မရိုက်ရသေးချေ၊ ရိုက်ကူးရေးသည် နှေးကွေးနေသဖြင့် ဒါရိုက်တာကျိုး၏ အော်ဟစ်သံများကိုပင် ကြားနေရလေသည်။

"ဘယ်လိုဖြစ်ရတာလဲ ကျင်းယွမ်း၊ ဒီနေ့ ဘယ်လိုဖြစ်ပြီး ခံစားချက်ပါပါ သရုပ်မဆောင်နိုင်ရတာလဲ၊ မနေ့ကပဲ ကောင်းနေတာကို၊ စာသားတွေရောဘာလို့ ခဏခဏမေ့နေရတာလဲ။ ပြီးတော့ ကျန်းစု၊ မင်းကရော ဘယ်လိုဖြစ်ရတာလဲ၊ အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုတောင် ရထားပြီးတော့ ဒီလိုစိတ်ဓာတ်ကျပြီး စိတ်ရှုပ်ထွေးနေတဲ့ ခံစားချက်လေးကိုတောင် သရုပ်မဖော်နိုင်တော့ဘူးလား။"

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)Where stories live. Discover now