Unicode
အခန်း(၃၁) - သေဆုံးခါနီးသတိပေးချက်: နောက်ဆယ်မိနစ်အတွင်း ကျေးဇူးပြုပြီး မင်းဇနီးရဲ့အလှကို ငါးမိနစ်အကြာ ရိုးသားဖြောင့်မတ်စွာ ချီးမွမ်းပြောဆိုပါ (၂)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)“သခင်မလေး ကျွန်မ အကြီးအကဲလုအတွက် စွပ်ပြုတ်ချက်ဖို့ အရင်ဆုံး သွားနှင့်မယ်။ သခင်လေး ပြုစုဖို့ ကျွန်မ ဒီနေရာမှာရှိနေရင် သခင်မလေး အနေကျပ်နေလိမ့်မယ်။”
ကျီချင်းချင်းသည် ခေါင်းညိမ့်လိုက်သည်။ “အန်တီဖေး ဒါက အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”
“အိုင်း…” အန်တီဖေးသည် သက်ပြင်းချလျက် ထွက်သွားခဲ့သည်။
လုလီရှင်း၏အခြေအနေကို စစ်ဆေးနေဆဲဖြစ်သောကြောင့် ဆရာဝန်သည် အန်တီဖေးထက် နောက်ကျပြီးမှ ထွက်ခွာသွားသည်။ ဆရာဝန် စစ်ဆေးတာ ပြီးဆုံးသွားသည့်နောက်တွင် ကျီချင်းချင်းသည် ဆရာဝန်အား မေးခွန်းအနည်းငယ် မေးခဲ့သည်။ ဆရာဝန်၏အဖြေသည် ယခင်အတိုင်းပင်ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အကူအညီမဲ့မှုနှင့် ကြင်နာမှုကို မြင်ရသည်။
ကျီချင်းချင်းသည် တံခါးဝမှာရပ်ပြီး အခန်းထဲကို ကြည့်လိုက်သည်။ လုလီရှင်းသည် အိပ်ပျော်နေသည်ကို မြင်လိုက်ရသောအခါ သူမ တိတ်တဆိတ် ထွက်ခွာသွားသည်။
---
ညနေ ၆ နာရီတွင် ကျီချင်းချင်းသည် လုလီရှင်း၏အခန်းထဲသို့ ဝင်လာခဲ့သည်။ လုလီရှင်းက အားနည်းနေသောကြောင့် စွမ်းအင်ဖြည့်တင်းဖို့ အိပ်ဖို့လိုတယ်လို့ ဆရာဝန်က မှာကြားခဲ့သည်။ ဒါကြောင့် ကျီချင်းချင်းက သူ့ကိုနှိုးဖို့အတွက် အခန်းထဲကို ဝင်မလာခဲ့ဘူး။ လုလီရှင်း အသက်ရှင်နေသေးလားဆိုတာကို စစ်ဆေးဖို့ရန် နာရီတိုင်း သူမ ဒီကို လာခဲ့သည်။
သူမ သူ့အနားသို့ သွားနေစဥ်မှာပင် သူမရဲ့ဖုန်းက အသံမြည်လာသည်။
ကျီချင်းချင်းသည် အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။ အခန်းတံခါးကို တစ်ဝက်ပိတ်ပြီး သူမ ဖုန်းခေါ်ဆိုမှုကို ပြန်ဖြေဆိုလိုက်သည်။