အခန်း (၁၅၄)
ကျန်းစုသည် ဂျင်းစွပ်ပြုတ်ပန်းကန်ကိုကိုင်လျက် သူတို့ဆီသို့လျှောက်လာကာ ကျီချင်းချင်းအား ခေါင်းညိတ်ပြလိုက်သည်။ "သရုပ်ဆောင်သွားတာ သိပ်ကောင်းတာပဲ၊ နောက်တစ်ခေါက်ပြန်ရိုက်ရင်တောင် အဲ့လောက်ကောင်းချင်မှ ကောင်းတော့မှာ၊ အဲ့ဒါကြောင့် တစ်လုံး၊နှစ်လုံးလောက်မှားတာက ပြဿနာမရှိပါဘူး"
ကျီချင်းချင်းသည် ပို၍အံ့ဩသွားလေသည်။
ကျန်းစုအကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရရှိခဲ့သည့်နှစ်က စိတ်အားထက်သန်မှုမရှိ၍ စာသားမမှတ်မိသူများအား မကြိုက်နှစ်သက်ပေဟု ပြောဆိုခဲ့လေသည်။
ဒါရိုက်တာကျိုးလည်း လုလီရှင်းအား တစ်ချက်ကြည့်လိုက်လျက် ပြကွက်အား ဖွင့်ပြလိုက်သည်။
ပြကွက်အား အချောမသတ်ရသေးသော်လည်း ကျီချင်းချင်း၏ အမှန်တရားကို သိရှိသွားပြီးသည့်နောက် စိတ်ပျက်အားငယ်မှုနှင့် အတွင်းစိတ်ထဲရုန်းကန်နေရပုံ၊ ဒေါသနှင့် နာကြည်းမှုတို့အား ပုံဖော်သွားပုံသည် အသက်ဝင်လှပေသည်။ သူမ၏ ပြတ်သားသောအကြည့်နှင့် တစ်ကိုယ်လုံးတုန်ရီနေပုံတို့က နှလုံးသားအား လှုပ်ခါစေလေသည်။
စာသားများသည် ဖြောင့်ဖြူးနေ၍ သရုပ်ဆောင်မှုသည်လည်း ဟာကွက်မရှိပေ။
ကျီချင်းချင်းသည် သူမ၏ သရုပ်ဆောင်မှုကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူမကြိုးစားခဲ့သည်မှာ အရာထင်သဖြင့် ကျေနပ်နေလေသည်။ စိတ်အားထက်သန်မှုသည် အောင်မြင်မှုကို ပေးစွမ်းနိုင်သည်မှာ အမှန်ပင်ဖြစ်လေသည်။
ကျီချင်းချင်းသည် ဂုဏ်ယူစွာဖြင့် လုလီရှင်းအား မျက်ခုံးပင့်ပြလိုက်လေသည်။
လုလီရှင်းသည် မျက်လုံးတွေကို မှေးကျဥ်းလျက် အဓိပ္ပါယ်ရှိရှိ ပြုံးပြလိုက်သည်။
"ကျွန်မ ရှင့်ကို ချစ်နေတုန်းပဲ လုလီရှင်း!" ငိုကြွေး၍ပြောလိုက်သံကို ကြားရသည်။
___ ဒိန်း
"..."
ရိုက်ကွင်းသည် တဖန်ထပ်၍ ငြိမ်သက်တိတ်ဆိတ်သွားလေသည်။