အခန်း (၁၆၃)
"နေဦး-- --"လုလီရှင်းသည် မျက်လုံးလျင်လျင်ဖြင့်ကြည့်လိုက်သောအခါ ဘူးအောက်ခြေတွင် "သကြား" ဟု ရေးထားသောစာကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
တံခါးသံ မြည်လာလေသည်။
"တံခါး အရင်သွားဖွင့်လိုက်ဦး"
ကျီချင်းချင်းလည်း ဟင်းခတ်မှုန့်ဘူးအားချထားလျက် တံခါးသွားဖွင့်လေသည်။
လုလီရှင်းသည် ဘူးကိုကြည့်လိုက်သည်။ ကျီချင်းချင်း စောစောက ထည့်လိုက်သည်မှာ ဆားမဟုတ်ဘဲ သကြားဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဆားဘူးမှာ ဟင်းခတ်အမွှေးအကြိုင်များထားသောနေရာ၏ နောက်နားတွင် ရှိလေသည်။
လုလီရှင်းသည် ဟင်းကို ပြန်မချက်ချင်ဟုတွေးမိလျက် ပုစွန်တစ်ကောင်ကို ကောက်မြည်းလိုက်သည်။
ကံကောင်းစွာပင် ကျီချင်းချင်းထည့်လိုက်သောသကြားသည် ပမာဏ မများသဖြင့် အနည်းငယ် ချိုနေသော်လည်း အဆင်ပြေနေသေးသည်။ ထို့နောက် သူသည် ဒယ်အိုးထဲသို့ ဆားအနည်းငယ် ထပ်ဖြူးလိုက်လေသည်။
တံခါးအပြင်ဘက်တွင် ဟိုတယ်ဝန်ထမ်းများဖြစ်ကြ၍ နပိုလီယံဝရာဆေးငါး လာပေးကြခြင်း ဖြစ်လေသည်။ "မိန်းကလေးကျီ၊ မစ်စတာလု ညွှန်ကြားထားတဲ့အတိုင်း နပိုလီယံဝရာဆေးငါး လာပို့တာပါ"
ကျီချင်းချင်းသည် ဟိုဆယ်ဝန်ထမ်းသယ်ဆောင်လာသော ပုံးငယ်လေးကို ကြည့်ရှုလိုက်သည်။ "အထဲဝင်ခဲ့လိုက်လေ"
ဝန်ထမ်းလည်း အခန်းတွင်းသို့ ဝင်လာကာ ကျီချင်းချင်းအား မေးလိုက်သည်။ "အမျိုးသမီးကျီ၊ ဒီငါးကို..."
"ကျွန်မကို ပေးပါ၊ အလုပ်ရှုပ်သွားစေပါပြီ"
"ကိစ္စမရှိပါဘူးခင်ဗျာ"
လုလီရှင်းသည် ယောက်မကိုကိုင်လျက် မီးဖိုချောင်တွင်းမှ ထွက်လာလိုက်သည်။
ဝန်ထမ်းနှစ်ယောက်သည် သူ့အား အလန့်တကြားကြည့်လိုက်ကြသည်။
သူသည် ကျီချင်းချင်းထံ လျှောက်သွားလျက် လှုပ်နေခြင်းမရှိသောငါးကိုကြည့်လျက် မေးလိုက်သည်။ "အသက်ရှိသေးလား"