Unicode
အခန်း (၁၂၅)
ကျွမ်းကျင်စွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ဇာတ်လမ်းတွဲ၏ ဒါရိုက်တာသည် မင်းသမီးနှစ်ယောက်အား ယာယီအနားယူစေခဲ့သည်။
ရှန်းဝေဝေ၏ ဒဏ်ရာများ ပြန်ကောင်းလာသည့်အပြင် ကျီချင်းချင်းသည် ရှန်းဝေဝေအား ဒဏ်ရာရစေသူဟူသော စွဲချက်များလည်း မရှိတော့ချေ။ သူတို့နှစ်ဦးစလုံးအတွက် ဇာတ်လမ်းကို ပြီးစီးအောင် ပြန်လည်ရိုက်ကူးရတော့မည့်အချိန်ဖြစ်လေသည်။
ကျီချင်းချင်းသည် ချင်ယွဲ့နှင့် ဇာတ်လမ်းတွဲ၏ အချိန်ဇယားများကို ဆွေးနွေးပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် အဖိုးလုဆီသို့သွားကာ "ဖိုးဖိုးရေ သမီး ဖိုးဖိုးကို နောက်ရက်အနည်းငယ်လောက် နေ့တိုင်း အဖော်မပြုပေးနိုင်တော့ဘူး။"
လှိုင်းများသည် ငြိမ်သက်နေသည်။ အဖိုးလုသည် သူ့အသက်အရွယ်အတွက် သန်မာနေသေးသည်။ နာရီအတော်ကြာ ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နိုင်စွမ်းရှိလေသည်။
"ဘာဖြစ်လို့များလဲ။"
"သမီးအလုပ်ပြန်လုပ်ရတော့မှာ မလို့ပါ။"
အဖိုးလုသည် သူမအား ချစ်ခင်စွာ ပြုံးပြ၍ "သွားလေ သမီး။ လူငယ်တွေအတွက် အလုပ်လုပ်တာက မဆန်းပါဘူး။ ဖိုးဖိုးကို အားနာစရာလည်း မလိုဘူး။ သမီးအလုပ်ပြီးတဲ့အခါ ဖိုးဖိုးဆီလာလည်ရင်ပဲ ကျေနပ်ပါပြီ။"
"စိတ်မပူပါနဲ့ သမီးအချိန်ရတာနဲ့ လာလည်ပါ့မယ်။"
"သမီးက ဘယ်လောက်ကြာကြာ သွားရမှာလဲ။"
"သိပ်တော့ မသေချာသေးဘူး။ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့လည်း ဆိုင်တယ်။ တစ်လလောက်တော့ ကြာမယ်လို့ ခန့်မှန်းထားတယ်။"
အဖိုးလုသည် ခေတ္တမျှသေချာစဉ်းစားပြီးနောက် "သမီးက တစ်လလောက် သွားရမှာပဲ။ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မမေ့နဲ့နော်။"
ကျီချင်းချင်းသည် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ညစာစားချိန်အတွင်း ကျီချင်းချင်းသည် အန်တီဖေးအား နှစ်ရက်အတွင်း ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေမည်ကို သတင်းပေးသည်။ အန်တီဖေးသည် အလုပ်များလွန်းသော စုံတွဲအတွက် သက်ပြင်းချမိလေသည်။ လုလီရှင်းသည် ကုမ္ပဏီသို့ မနက်စောစောသွားရပြီး ရိုက်ကူးရေးအတွက် ကျီချင်းချင်းအိမ်မှာမရှိသည့် ညအချိန်တွင်မှ အိမ်ပြန်ရောက်မည်ဖြစ်သည်။ အန်တီဖေးသည် သူမကိုယ်သူမ ကျီချင်းချင်း၏ ယောက္ခမကဲ့သို့ ယူဆထားသူဖြစ်သည်။ သူမသည် ဤအိမ်တွင် ကလေးငယ်တစ်ယောက်ဖြင့် ပျော်ရွှင်ရမည့်အချိန်ကို မျှော်လင့်နေသည်။
![](https://img.wattpad.com/cover/279714628-288-k885403.jpg)