Unicode
အခန်း (၁၁၀)
စာရေးသူ - 公子闻筝
ဘာသာပြန်သူ - No Noe (Miracle_Phyu97)အချိန်တစ်ခုကြာအောင် ကျီချင်းချင်းသည် စကားမပြောခဲ့ပေ။
ခဏအကြာတွင် သူမနှင့် မိတ်ဆက်စကားဆိုပြီးနောက် သူမကို ရိုင်းစိုင်းစွာ စိုက်ကြည့်နေသော ရည်းစားဟောင်းသည် တိတ်ဆိတ်နေသော အနေအထားကို ချိုးဖျက်ပြီး စကားစဆိုလာခဲ့သည်၊ "ကိုယ်တို့နှစ်ယောက် မတွေ့တာ အတော်ကြာပြီပဲ။ ချင်းချင်း၊ မင်းက ပိုပိုပြီးတော့ လှလာတယ်။"
"ရှင် ဘာဖြစ်လို့ ကျွန်မအိမ်ကို ရောက်နေတာလဲ။"
"ကိုယ်က မင်းနဲ့ ပြောစရာမရှိရင် ဒီကို လာလို့ မရဘူးလို့ မင်းက ပြောချင်တာလား။"
ကျီချင်းချင်းက ခပ်ဖွဖွ ရယ်လိုက်သည်၊ "ယုယန်၊ ရှင် စကားကို လှည့်ပတ်ပြောစရာ မလိုပါဘူး။ ကျွန်မတို့နှစ်ယောက်စလုံး ရှင်က မိုက်မဲတဲ့ မြေခွေးဆိုတာ သိကြတယ်။ ကျွန်မတို့နှစ်ယောက် လမ်းခွဲခဲ့တာ နှစ်အတော်ကြာပြီ၊ လက်တွေ့ကျကျ ပြောရရင် ကျွန်မတို့က သူစိမ်းတွေပဲ။"
"အရင်က ကိုယ်တို့နှစ်ယောက် တွဲခဲ့ဖူးတယ်။ တကယ်လို့ ကိုယ်တို့နှစ်ယောက် လမ်းခွဲခဲ့တယ်ဆိုရင်တော့ ကိုယ်တို့ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလေ။"
ကျီချင်းချင်းသည် တုံ့ပြန်စကားဆိုရန်ကိုပင် အရမ်းပျင်းသည်။
ယုယန်က ပြုံးပြီး သူမအနားသို့ တိုးကပ်လာကာ တီးတိုးပြောသည်၊ "မင်း ဖျော်ဖြေရေးနယ်ပယ်မှာ မကြာသေးခင်က သိပ်အဆင်မပြောဘူးလို့ ကိုယ်ကြားခဲ့တယ်။ အဲ့ဒီနယ်ပယ်မှာ ကိုယ့်အသိတချို့ ရှိတယ်။ ထျန်းယွီအင်တာတိန်းမန့်မှာလည်း ကိုယ့်အသိတချို့ရှိတယ်။ တကယ်လို့ မင်း အကူအညီ လိုအပ်ရင်၊ ကိုယ် မင်းအတွက် စကားနည်းနည်း ပြောပေးလို့ ရတယ်။"
ကျီချင်းချင်းသည် သူ့စကားလုံးတွေကြောင့် ရယ်မြူးသွားကာ "အိုး... ရှင်က ထျန်းယွီအင်တာတိန်းမန့်က လူတချို့ကို သိတယ်လား။" လို့ မေးလိုက်သည်။
"ဒါပေါ့၊ ကိုယ့်အသိတွေအားလုံးက ထျန်းယွီအင်တာတိန်းမန့်မှာ ရာထူးမြင့်တဲ့သူတွေပဲ။ သူတို့လက်ထဲမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်။ နောက်ကျ ကိုယ် မင်းကို သူတို့နဲ့ မိတ်ဆက်ပေးမယ်။ မင်း သူတို့နဲ့ သိနေသရွေ့ ထျန်းယွီအင်တာတိန်းမန့်မှာ မင်းရဲ့ ဘဝက ပိုကောင်းမွန်လာလိမ့်မယ်။ ဘယ်သူမှ မင်းကို အနိုင်မကျင့်နိုင်ဘူး၊ မင်းလိုချင်သလောက် အရင်းအမြစ်တွေကိုလည်း မင်းရလိမ့်မယ်။"