Unicode
အခန်း (၆၇) - မင်း ငါ့ကို ကွာရှင်းချင်တယ်လို့ ဘာကြောင့် ကြားနေရတာလဲ ? ( ၄ )
ရေကန်တစ်ဝိုက်၌ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကျီချင်းချင်းသည် ပိုပြီး ခေါင်းကြည်သွားသည်။ လေနုအေးက သူမကို ဖြတ်တိုက်သွားသောအခါဝယ် ကျောချမ်းသလို ဖြစ်သွားပြီး သူမ တစ်ခုခုကို ခံစားလိုက်ရသည်။ သူမ ခေါင်းမော့ကြည့်လိုက်တော့ တတိယထပ်က အခန်းတစ်ခန်းမှာ မီးလင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာကြက်မှ ကြမ်းပြင်ထိ ရှည်လျားသော လိုက်ကာများကို လေတိုက်သွားသော်လည်းပဲ ပြတင်းပေါက်၌ ရပ်နေသော မည်သူ့လူတစ်ဦးတစ်ယောက်ကိုမှ သူမ မမြင်ခဲ့ရပေ။
သူမ အိမ်အပေါ်ထပ်သို့ တက်သွားသည့်နောက်တွင် လုလီရှင်းဟာ သူ့ရဲ့ စာကြည့်စားပွဲခုံတွင် ထိုင်နေပြီးတော့ သူမ အခန်းထဲသို့ လျှောက်လာတာကို အေးအေးဆေးဆေး စောင့်ကြည့်နေတာမှန်း တွေ့လိုက်ရ၏။
ကျီချင်းချင်းသည် ပြတင်းပေါက်ရှိ မျက်နှာကြက်မှ ကြမ်းပြင်အထိ ရှည်လျားလှသော လိုက်ကာများကို ကြည့်ပြီး သူမ အပြစ်ရှိသလို ရှင်းမပြနိုင်လောက်သည့် ခံစားချက်မျိုး ရရှိခဲ့သည်။
"မင်း သူနဲ့ စကားပြောရတာ ပျော်လား။"
ကျီချင်းချင်းရဲ့ နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့သည်။ အိုး! မဟုတ်ဘူး ! သူ မြင်သွားတာပဲ။
ကျီချင်းချင်းသည် အပြင်ဘက်တွင် တည်ငြိမ်နေဟန် ရှိပေမယ့် စိတ်ထဲမှာတော့ ထိတ်လန့်နေမိသည်။ လုလီရှင်းနှင့် သူမတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခံစားချက်မရှိပဲ အတူယှဥ်တွဲနေထိုင်ကြပေမယ့် သူ သူမတို့ကို တွဲမြင်ပြီး စကားစမြည်ပြောသည့် အကြောင်းအရာကို မကြားသိရခြင်းက သူ့စိတ်ခံစားချက်တွေကို ဆိုးရွားစေလိမ့်မည်။ သူ့ဇနီးသည်နဲ့ ညီငယ်လေးတို့ဟာ ညဘက်မှာ ပုန်းလျှိုးကွယ်လျှိုး တွေ့ဆုံနေကြသည်ဟု သူ ထင်မြင်ယူဆမိလိမ့်မယ် ၊ သူမတို့ပြောတာ သူကြားခဲ့ရင် ဒီလောက်ထိ ဆိုးမှာမဟုတ်ဘူး၊ အဆိုးဆုံးကတော့ သူ သူမကို ငွေမက်တယ်လို့ပဲ ထင်လိမ့်မယ်။ သို့သော် ဒီလိုမျိုး လေထန်နေသည့် ညမျိုးတွင် သူ သူမတို့ပြောဆိုနေသော စကားများကို ကြားရသည်မှာ မဖြစ်နိုင်ပေ။